CNI International News

ဘန်ကောက်၊ ဇွန်လ ၆

ထိုင်းနိုင်ငံ၏ နိုင်ငံရေး အခြေအနေသည် လျင်မြန်စွာ ပြောင်းလဲနေပြီး အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှု၊ လွှတ်တော်တွင်း အရှုပ်တော်ပုံ၊ ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသတင်းမာမှု မြင့်တက်ခြင်း၊ အာဏာလွန်ဆွဲမှု အစရှိသည့် ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရကြောင်း The Nation မှ ဖော်ပြခဲ့သည်။

အစိုးရအဖွဲ့သည် တည်ငြိမ်မှုကို ထိန်းသိမ်းရန် အားထုတ်ကြိုးပမ်းနေသည့်တိုင် ထိုအရေးကိစ္စများသည် ရှုပ်ထွေး လာခဲ့သဖြင့် ညွန့်ပေါင်းအစိုးရအဖွဲ့သည် သက်တမ်းအပြည်အဝ တာဝန်ထမ်းဆောင်ရန် ခက်ခဲလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ ဇွန်လသည် ထိုင်းအစိုးရအဖွဲ့အတွက် အတိမ်းအစောင်း မခံနိုင်သည့် နိုင်ငံရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟု ထိုင်းနိုင်ငံ၏ Krungthep Turakij သတင်းစာက ဖော်ပြခဲ့သည်။

ပေတုန်တန်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ အစည်းအဝေးလုပ်နေစဉ်

ဇွန်လ ၄ ရက်မှ ၁၀ ရက်အတွင်း အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေး ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။ 

သက်ဆင်နှင့် ၎င်း၏ မဟာမိတ်များက ဘူဂျထိုင်းပါတီခေါင်းဆောင် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) ကိုင်တွယ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနကို ဖြူးထိုင်းပါတီက ပြန်လည်ရယူရန် တွန်းအားပေး လုပ်ဆောင်နေသည့် သတင်းများ ထွက်ပေါ်ခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် ဒေသန္တရ အုပ်ချုပ်ရေးကဏ္ဍကို ထိန်းချုပ်ထားပြီး ပြည်နယ်အဆင့်တွင် အဓိက ကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် မူဝါဒများ အကောင်အထည် ဖော်ဆောင်ရေးတွင် အရေးကြီးသည့် ဝန်ကြီးဌာနဖြစ်သည်။

ထိုအချိန်အတောအတွင်း ယူနိုက်တက်ထိုင်းနေးရှင်းပါတီ (UTN) အတွင်းတွင်လည်း သဘောထား ကွဲလွဲမှုများ ဖြစ်ပွားခဲ့သည့်သတင်းများ ထွက်ပေါ်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ကို တွေ့ရစဉ်

ထို့ပြင် ဇွန်လ ၁၄ ရက်တွင်လည်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ရေးရာ ပူးတွဲကော်မတီ (JBC) အစည်းအဝေး ပြုလုပ်မည်ဖြစ်သည်။

ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်ပြဿနာကို ဖြေရှင်းရန်အတွက် ထိုအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင် (Phnom Penh) မြို့တော်တွင် ပြုလုပ်ရန်စီစဉ်ထားသည်။

ထိုနယ်စပ်အရေးတွင်လည်း ထိုင်းအစိုးရနှင့် စစ်တပ်ကြား လုပ်ပိုင်ခွင့်ဆိုင်ရာ သဘောထား ကွဲလွဲမှုများ ဖြစ်ပွားခဲ့ သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဇွန်လ ၁၅ ရက်တွင်လည်း အထက်လွှတ်တော်၌ ပူးပေါင်းလိမ်ညာရန် ညှိနှိုင်းထားသည်ဆိုသည့် စွပ်စွဲချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင် (EC) နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) တို့၏ ကိုယ်စားလှယ်များ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က ထိုအရှုပ်တော်ပုံနှင့်ပတ်သက်သည့် လူပုဂ္ဂိုလ်များကို ဆင့်ခေါ်ပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်မည်ဖြစ်သည်။

ထို့ကြောင့် ဇွန်လသည် ထိုင်းနိုင်ငံရေးအတွက် အလှည့်အပြောင်းများ ဖြစ်သွားစေနိုင်သည့် လတစ်လအဖြစ်  Krungthep Turakij  သတင်းစာက သုံးသပ်ဖော်ပြခဲ့သည်။

Source: The Nation