CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၂၁

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်(Thaksin Shinawatra) အား အစိုးရအဖွဲ့အပေါ် တရားမဝင် ဩဇာလွှမ်းမိုးမှု စွပ်စွဲချက်များဖြင့် တိုင်ကြားထားသည့်ကိစ္စကို ရွေးကောက်ပွဲကော်မရှင်က စုံစမ်းစစ်ဆေးနေမှုအား အဓိက ညွန့်ပေါင်းပါတီများက အကျယ်တဝင့် မဖြစ်စေရန် ကြိုးပမ်းနေကြသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အစိုးရအဖွဲ့ဝင် နိုင်ငံရေးသမားများကလည်း သက်ဆင်အား ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားသူများကို ဝေဖန်ခဲ့သလို ထိုတိုင်ကြားမှုအား လက်ခံပြီး စုံစမ်းစစ်ဆေးနေသည့် ရွေးကောက်ပွဲကော်မတီကိုလည်း အပြစ် တင်ခဲ့ကြသည်။

ထိုတိုင်ကြားစာတွင် သက်ဆင်သည် အာဏာရ ဖြူးထိုင်းပါတီနှင့် ယခင် ညွန့်ပေါင်းအဖွဲ့ဝင် ပါတီ ၅ ခုအား တရားမဝင် ဩဇာလွှမ်းမိုးပြီး ကြိုးကိုင်ခြယ်လှယ်နေသည့် အပြင်လူတစ်ဦးအဖြစ် ဖော်ပြထားသည်။

ညွန့်ပေါင်းအဖွဲ့ဝင် ပါတီ ၅ ခုမှာ Bhumjaithai ပါတီ၊ United Thai Nation ပါတီ၊ Palang Pracharath ပါတီ၊ Chartthaipattana ပါတီနှင့် Prachachart ပါတီတို့ ဖြစ်သည်။

ယခင်ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင် (Srettha Thavisin) ရာထူးမှ ဖယ်ရှားခံခဲ့ရသည့်နေ့တွင် ဖြူးထိုင်းပါတီနှင့် ထိုပါတီ ၅ ခုမှ ခေါင်းဆောင်များသည် ဘန်ကောက်မြို့တော်ရှိ သက်ဆင်၏  Ban Chan Song La စံအိမ်တွင် တွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ခဲ့သည်။

ထိုင်းဒုဝန်ကြီးချုပ် ဖွမ်သမ် ဝီချာယာချိုင်းကို တွေ့ရစဉ်

ထို့နောက် သက်ဆင်ကို ၎င်း၏ ပြိုင်ဘက်များက ရွေးကောက်ပွဲကော်မရှင်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ဆရီသာသည် ပြစ်ဒဏ်ချမှတ် ခံခဲ့ရသူဖြစ်သည့် ပီချစ် ချူအန်ဘန် ( Pichit Chuenban) ကို အစိုးရအဖွဲ့ဝင် ဝန်ကြီးရာထူး ခန့်အပ်ခဲ့သဖြင့် တရားဥပဒေချိုးဖောက်မှုဖြင့် ဩဂုတ် ၁၄ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ဆရီသာကို ရာထူးမှ ဖယ်ရှားခဲ့သည်။

ဖြူးထိုင်းပါတီ၏ အဓိကအဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဖွမ်သမ် ဝီချာယာချိုင်း (Phumtham Wechayachai) ကမူ သက်ဆင်နှင့် ပါတီခေါင်းဆောင်များသည် နေ့လည်စာ အတူစားသုံးရန်အတွက်သာ တွေ့ဆုံခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးခဲ့သည်။

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကို မစိုးရိမ်ကြောင်း၊ ထိုစွပ်စွဲချက်များကို လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လက် လုပ်ဆောင်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ဖွမ်သမ်က ပြောကြားခဲ့သည်။

လက်ရှိတွင် သက်ဆင်၏ အမှုနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်သည် စုံစမ်းစစ်ဆေးမှုကို နောက်ထပ် ရက်ပေါင်း ၃၀ သက်တမ်း ထပ်တိုးနိုင်ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောသည်။

Source: ဘန်ကောက်ပို့စ်