CNI International News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၁

အမေရိကန်က ဦးဆောင်ဖွဲ့စည်းခဲ့သည့် နိုင်ငံအများအပြား ပါဝင်သော ပိတ်ဆို့မှုစောင့်ကြည့်ရေးအဖွဲ့သည် တရားဝင်မှုမရှိကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွေ (Choe Son Hui) က ပြောကြားခဲ့ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ တည်မြဲမှု ရှိ/မရှိ စောင့်ကြည့်ရန် နိုင်ငံပေါင်းစုံ ပါဝင်သော အဖွဲ့သစ်တစ်ဖွဲ့ ဖွဲ့စည်းကြောင်း အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့က အောက်တိုဘာ ၁၆ ရက်က ကြေညာခဲ့သည်။

အမေရိကန်သည် မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများအား စောင့်ကြည့်ခဲ့သော ကုလသမဂ္ဂ၏ ကျွမ်းကျင်သူများအဖွဲ့ကို သက်တမ်းထပ်တိုးရန် ယခုနှစ် မတ်လက ကြိုးပမ်းခဲ့သော်လည်း ရုရှားက ဗီတိုအာဏာ ဖြင့် ပိတ်ပင်ခဲ့သဖြင့် ထိုအဖွဲ့ကို သက်တမ်းတိုးနိုင်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများသည် ကုလသမဂ္ဂနှင့် သက်ဆိုင်မှုမရှိသည့် နောက်ထပ် အဖွဲ့သစ် တစ်ဖွဲ့ကို ထပ်မံဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

"အဲဒီအဖွဲ့မှာ ပါဝင်နေတဲ့ အင်အားစုတွေဟာ မြောက်ကိုရီးယားကို သွားပုပ်လေလွင့် စွပ်စွဲအပုပ်ချဖို့ ပါဝင်နေတာ ဖြစ်ပါတယ်။ အဲဒီအတွက် သူတို့ ပြန်လည်ပေးဆပ်ရပါလိမ့်မယ်" ဟု ချိုးက ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

 မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်နေစဉ်

နိုင်ငံ ၈ နိုင်ငံ ပါဝင်သည့် ထိုအဖွဲ့သည် မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာကို ချိုးဖောက်နေပြီး နိုင်ငံတကာ အခင်းအကျင်းကို ပျက်ယွင်းစေကြောင်း ချိုးက ဝေဖန်ခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုများနှင့် နျူကလီးယား စီမံကိန်းကို အရှိန်မြှင့် လုပ်ဆောင်နေခဲ့မှုနှင့်အတူ ကိုရီးယားကျွန်းဆွယ်ပေါ်တွင် တင်းမာမှုများ မြင့်တက်ခဲ့သည်။

ထို့ပြင် မြောက်ကိုရီးယားသည် ရုရှားနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခဲ့ပြီး တစ်ဖက်တွင်လည်း အမေရိကန်က တောင်ကိုရီးယား၊ ဂျပန်တို့နှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ခဲ့သည်။

မြောက်ကိုရီးယားသည် ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို လက်နက်များ ထောက်ပံ့ပေးနေကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က စွပ်စွဲခဲ့သော်လည်း မြောက်ကိုရီးယားနှင့် ရုရှားတို့က ထိုစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ