CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၆
မရာပြည်သူလူထုတိုင်း အသက် ၄၅ နှစ်အောက် ချွင်းချက်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ စစ်မှုထမ်းရမည်ဟု မရာနယ်မြေအုပ်ချုပ်ကောင်စီ(MTC/MDF)က ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
တတိယအကြိမ် မရာပြည်သူ့ညီလာခံသက်တမ်း ပထမအကြိမ် ပုံမှန်ဗဟိုကောင်စီအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၁ ရက်အထိ ကျင်းပခဲ့ကြသည်။
ထို့နောက် မရာနယ်မြေအားလုံးကို အမြန်ဆုံးထိန်းချုပ်နိုင်ရေး အပါအဝင် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးနှင့်ဆိုင်သော အဆိုပေါင်း ၂၀ ကို ဆွေးနွေးဆုံးဖြတ်နိုင်ခဲ့ကြပြီး မရာပြည်သူလူထုတိုင်း အသက် ၄၅ နှစ်အောက် ချွင်းချက်မှလွဲ၍ မည်သည့်ပုဂ္ဂိုလ်ဖြစ်စေ စစ်မှုထမ်းရမည့် အဆိုလည်း အတည်ပြု ဆုံးဖြတ်ခဲ့ကြသည်ဟု MTC/MDF က ထုတ်ပြန်ခဲ့သည်။
မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ(MTC)အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး နှင့် မရာပြည်သူလူထုတစ်ရပ်လုံးအတွက် ပြည့်ဝလုံခြုံသော နိုင်ငံရေးစနစ်တစ်ခုရရှိရန် ဆက်လက်ကြိုးစားအား ထုတ်မည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မရာလူမျိုးများသည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်အတွင်းက မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်တို့ မှာ နေထိုင်လျက်ရှိကြသည်။
Maraland Defense Force (MDF)ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်မှ ၃၀ ရက်ထိ အိန္ဒိယ- မြန်မာ နယ်စပ် တစ်နေရာတွင် ကျင်းပခဲ့သော ပထမအကြိမ် မရာပြည်သူ့ညီလာခံကနေ Chinland Defense Force အဖွဲ့နှင့် Mara Army အဖွဲ့တို့ကို ပေါင်းစည်းကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
MDF သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အကျပ်အတည်းမှသည် လက်နက်ကိုင် ပဋိပက္ခများအတွင်း ပါဝင်လာခဲ့ခြင်းဖြစ်ပြီး မြန်မာ့တပ်မတော်နှင့်နစက ဖြုတ်ချရေး လက်နက် ကိုင် တိုက်ခိုက်လျက်ရှိသည်။