CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်ထားသော အဖွဲ့အစည်းများသည် စစ်မှုထမ်းရမည်ဟုဆိုကာ ပြည်သူလူထုများ ကို ဖမ်းဆီး၍ မထမ်းလိုပါက ငွေကြေးတောင်းခံမှုများ ပြုလုပ်လာနေကြသည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ် ပွားနေခြင်းကြောင့် နှစ်ဖက်စလုံးက စစ်မှုထမ်းရန်အတွက် လူငယ်လူရွယ်များအား ခေါ်ဆောင်ခြင်း၊ ဖမ်းဆီးခြင်း များ လုပ်ဆောင်နေကြသည်။
ထို့နောက် လူဦးရေ လျော့ကျလာခြင်းနှင့်အတူ အလုပ်သမား ရှာပါးခြင်း၊ ကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာ ခြင်း၊ လူဦးရေ လျော့ကျခြင်း ဘေးအန္တရာယ်များ ကြုံတွေ့လာရခြင်း စသည့် အခြေအနေများကိုလည်း ရင်ဆိုင် လာနေရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာ့တပ်မတော်ရဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းမည့်သူတွေကို တွေ့ရစဉ်
လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံကမူ လူငယ်များကို စစ်မှုထမ်းရန်အတွက် ခေါ်ဆောင်မှုများ လုပ်ဆောင်နေ ကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တို့ ဒီဘက်မှာဆိုရင် စစ်မှုထမ်းနဲ့ ပတ်သက်ပြီးမှတော့ သိပ်ပြီးမှတော့ မကြားရဘူး။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့အစည်း ပေါင်းစုံကတော့ လူငယ်တွေကိုစွဲနေတာ လောက်ပဲကြားရတယ်။ ယနေ့ ပြည်တွင်းစစ် ဖြစ်နေတဲ့ အချိန် ကြတော့ လူတွေ တော်တော်များကလည်း စစ်မှုထမ်းခြင်းကို ရှောင်ရှားချင်ကြပါတယ်။ ဒါတွေ အတွက် တပ်မတော်ဘက်က တစ်ခုထဲမဟုတ်ပါဘူး၊ EAO ဘက်ကလည်း ထိုနည်းလည်းကောင်းပဲ၊ PDF ကလည်း ထိုနည်း လည်းကောင်းပဲ။ အတင်းအကျပ် ဆွဲတဲ့အဆင့်ကို ရောက်နေတဲ့ အတွက်ကြောင့်မို့၊ ပြည်သူတွေ တော် တော် ဒုက္ခရောက်ကြတာပေါ့။ ကျနော်တို့ စစ်မှုထမ်း ဥပဒေအရ ၃၅ နှစ်ဆိုရင်တော့ သူတို့အထက်ဆိုရင်တော့ စစ်မှုထမ်းထဲ မထည့်ရဘူး။ ဒါပေမယ့်လည်း လက်နက်ကိုင် အဖွဲ့အစည်းတွေက အကုန်လုံးအသက် ၅၀,၆၀ လည်း ဆွဲနေတာပဲ။ စစ်မှုထမ်းကပဲဖြစ်ဖြစ် လက်နက်ကိုင် အဖွဲ့အစည်းကဖြစ်ဖြစ် ဖမ်းမိသွားပြီဆိုရင်တော့ လာရွေးဖို့တွေ သူတို့ပြောရင် ဘယ်လောက်ဆိုရမလဲ သိန်း ၅၀၊ သိန်း ၁၀၀ အဲ့ဒီလိုနဲ့ လူတွေ ပြန်ပြန်သွားရွေးနေရတဲ့ အခါကြ တော့ ဒါပြန်ပေးဆွဲဂိုဏ်းတွေလို ဖြစ်နေကြတယ်။ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသော သူတွေကလေ။ ဒါကြောင့်မို့ ကျနော်တို့ ပြည်တွင်းစစ်ကြီး ငြိမ်းချမ်းစေချင်တယ်။ ခေတ်ကာလ ကောင်းတဲ့အချိန်မှာ မည်သူမဆို စစ်မှုထမ်းသင့်တယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်”ဟု ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်က စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းနှင့် EAO- PDF များက မဖြစ်မနေ စစ်မှုထမ်းရန် ပြဋ္ဌာန်း သတ်မှတ်ချက်များကြောင့် လူငယ်လူရွယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာ သွားကြသလို စစ်မှုထမ်းရန် ခေါ်ဆောင်ခံရခြင်းများကြောင့် အလုပ်လုပ်နိုင်သော လူငယ်လူရွယ် ဦးရေမှာ လျော့ကျလာနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

KIA-PDF ကိုတွေ့ရစဉ်
ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် အခွန်တော်ဥပဒေအား ဥပဒေမူကြမ်း တစ်ရပ်ရေးသားပြီး နိုင်ငံတော်ကို တင်ပြထားကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ကျနော်တို့ တယ်လီဂရမ်ပေါ်မှာတော့ ကျနော်တို့ ကြားနေရတယ်။ ဒါ KIA က ဆွဲကြတယ်ပေါ့နော်။ ဇွတ်အားတမ ခေါ်တယ်ပေါ့နော်၊ ဒါတွေ့တယ်။ စစ်တပ်နဲ့ပတ်သက်လို့ကတော့ ကျနော်တို့ သေသေချာချာကို တရားဝင် သတင်းမတွေ့ရဘူး။ တစ်ခုရှိတာက အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်တွေမှာ မဲနှိုက်တာရှိတယ်၊ ကျနော်တို့ အလှည့်ကျ ခေါ်တာတွေ ရှိတယ်ပေါ့နော်။ အဲ့လိုမျိုးလည်း ဟိုခေါ်သွားတယ်လို့လည်းကြားတယ်၊ တချို့ လည်း ပိုက်ဆံတောင်းတာလို့ ကြားတာပေါ့နော်။ ဒီပြဿနာတွေကနေပြီးတော့ ပြေလည်အောင်ဆိုပြီးတော့ ပြည် သူ့ စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် အခွန်တော် ဥပဒေဆိုပြီးတော့ အဲ့ဒီဥပဒေ မူကြမ်း တစ်ရပ်ကို ရေးသား ပြီးတော့ ပြီးခဲ့တဲ့ တစ်နှစ်လောက်ပေါ့နော်။ ကျနော် ဒီနီးစပ်ရာ ပုဂ္ဂိုလ်ကတဆင့်ပေါ့နော်၊ နိုင်ငံတော်ကို ကျနော် အဲ့ဒါလေး တင်ပြပါတယ်။ ဆွဲတယ် မဆွဲဘူးဆိုတဲ့ ကိစ္စကတော့ သေချာတာကတော့ KIA က ဆွဲတယ်ဆိုတာက တော့ ကျနော်တို့တွေ့တယ်။ ဒါပလောင်တွေကလည်း အတင်းစစ်မှုထမ်းခိုင်းတယ်။ MNDAA ကလည်း စစ်မှုထမ်း ခိုင်းတယ် ဆိုတာလည်း ကျနော်တို့ သွားတွေ့တယ်။ တပ်ဘက်က ဘာညာကတော့ သေသေချာချာ သတင်းတွေ လည်း မကြားရဘူးပေါ့နော်”ဟု ပြောသည်။
ထို့ကြောင့် လက်နက်ကိုင်ထားကြသော အဖွဲ့အစည်းများ၏ စစ်မှုထမ်း ခေါ်ဆောင်ခြင်းများ ရပ်တန့်နိုင်ရေး အတွက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအကဲခတ်များက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိနေကြသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများ ပြင်းထန်နေပြီး စစ်မှုထမ်းရန်အတွက် အားလုံးက ကြိုးပမ်းဖော်ဆောင်နေကြသည်။
