CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA) အဖွဲ့တွင် တာဝန်ထမ်းဆောင်နေကြသူ များအားလုံး တာဝန်မှ ချက်ချင်းနုတ်ထွက်ကြရန်၊ လိုက်နာရန် ပျက်ကွက်ပါက စစ်ဘက်ဆိုင်ရာအရေးယူမှုများ ခံရမည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ယုံးအောင် (NSCN-K/YA)အဖွဲ့ လက်အောက်တွင် တက်ကြွစွာ တာဝန်ထမ်းဆောင်နေ သော သားသမီးများ အားလုံးသည် တာဝန်မှ ချက်ချင်း နုတ်ထွက်ပြီး သတ်မှတ်ထားသော ကာလအတွင်း နေအိမ် သို့ ပြန်လာကြရန် ညွှန်ကြားအပ်ကြောင်း၊ လိုက်နာရန် ပျက်ကွက်ပါက တမင်တကာ ဖီဆန်ခြင်းဟု မှတ်ယူကာ ထိုက်သင့်သလို အရေးယူဆောင်ရွက်သွားမည်ဟု NSCN-K/AM အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့နောက် အရင်က ဖမ်းဆီးရမိပြီးဖြစ်သော လူများသည် ထပ်မံ ဖမ်းဆီးရမိပါက ပြင်းထန်သော စစ်ဘက်ဆိုင်ရာ အရေးယူမှုများကို ရင်ဆိုင်ရမည်။ သို့သော်လည်း မိမိသဘောဆန္ဒအလျောက် လက်နက်ချ၍ မိမိတို့နှင့် ပူးပေါင်း လာသူများကိုမူ နွေးထွေးစွာ ကြိုဆိုပြီး ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ NSCN/GPRN ၏ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်နေစဉ်အတွင်း မည်သည့် အရပ်ဘက် အဖွဲ့အစည်းများ(CSOs)သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦဂတစ်ယောက်မျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုရ၊ ထိုသို့ စွက်မှုမျိုးကို မိမိတို့ NSCN/GPRN မှ လက်ခံ မည် မဟုတ်ဘဲ ပါဝင်ပတ်သက်သူများကိုလည်း တာဝန်ယူ တာဝန်ခံစေမည်ဟု NSCN-K/AM အဖွဲ့က ထုတ်ပြန် ပြောကြားခဲ့သည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်
NSCN-K/AM အဖွဲ့က “ အခြေအနေများ ပိုမိုဆိုးရွား မလာမီနှင့် ပြန်လည်ပြင်ဆင်၍ မရသော နောက်ဆက်တွဲ ဆိုးကျိုးများ မဖြစ်ပေါ်မီ မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ချစ်လှစွာသော သားသမီးများကို အမြန်ဆုံး ပြန်လည် ခေါ်ယူကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။ ဤအသိပေးချက်အား သက်ဆိုင်သူ အားလုံး သိရှိနားလည်ပြီး တိကျစွာ လိုက်နာရန် ထုတ်ပြန်ခြင်းဖြစ်ပါသည်။ သင်တို့သည် နာဂတပ်မတော်နှင့်တူ အပြည့် အဝ ပူးပေါင်းလိုက်နာဆောင်ရွက်ရန် ဤနေရာမှ ညွှန်ကြားအပ်ပါသည်”ဟု ပြောသည်။
NSCN-K/AM နှင့် NSCN-K/YA တို့သည် နာဂဒေသအား ထိန်းချုပ်နိုင်ရေးအတွက် အားပြိုင်နေကြသလို အိန္ဒိယနှင့် တစ်ခုတည်းသော နယ်စပ်ထွက်ပေါက်ရှိသည့် ပန်ဆောင်မြို့ကိုလည်း ထိန်းချုပ်ရန် အားပြိုင်နေကြသည်။
NSCN-K/AM အဖွဲ့သည် ပန်ဆောင်မြို့သို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်က ရောက်ရှိ၍ နယ်မြေစိုးမိုးနိုင်ရေး တပ်နေရာချခဲ့သည်။
ထို့နောက် NSCN-K/YA အဖွဲ့က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် ပန်ဆောင်မြို့၊ ခမ္မတိုင်ကျေးရွာရှိ NSCN-K/AM အဖွဲ့ကို တိုက်ခိုက်ခဲ့၍ NSCN-K/AM အဖွဲ့ဘက်က ၂ ဦးသေဆုံး၍ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

NSCN-K/AM အဖွဲ့၏ မိုလ်ဘိုင်း-၆ တပ်ရင်းကို တွေ့ရစဉ်
ထိုတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့်အနေဖြင့် NSCN-K/AM အဖွဲ့က နန်းယွန်းမြို့နယ်၊ တကားနှင့်နမ်ဖာကြား (၁၈)မိုင်ဂိတ် နေရာရှိ NSCN-K/YA အဖွဲ့ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီတွင် ပြန်လည်၍ တိုက်ခိုက်ခဲ့ပြီး NSCN-K/YA ၏ စခန်းတစ်ခုကို ထိန်းချုပ်ခဲ့သည်။
ထို့ပြင် NSCN-K/AM အဖွဲ့၏ မိုလ်ဘိုင်း-၆ တပ်ရင်းသည် လဟယ်မြို့နှင့်နန်းယွန်းမြို့ကြား တည်ရှိသော နန်းယွန်း မြို့နယ်၊ တုံကီကျေးရွာရှိ NSCN-K/YA အဖွဲ့ကို ဇန်နဝါရီ ၂၄ ရက် နံနက် ၁ နာရီက တိုက်ခိုက်ခဲ့ရာ NSCN-K/YA ဘက် ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
လက်ရှိတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် နာဂလက်နက်ကိုင်များ အနေဖြင့် NSCN-K/YA(ဦးယုံးအောင်)၊ NSCN-K/AM(ဦးအန်းမိုင်)၊ ENNO/ENDA(ဦးအောင်ဆိုင်း)၊ NSCN-IM ( အိုက်ဇက်ချီရှီဆူနဲ့ ဗွီးဗာ)၊ NSCN-IM/H(IM ကနေ ခွဲထွက်လာတဲ့ ဟန်ရှီရမ်ဆန်း ဦးဆောင်အဖွဲ့)၊ NPDF တို့ တည်ရှိသည်။
အလားတူ ကသည်းနှင့်အာသံ လက်နက်ကိုင်အဖွဲ့များလည်း အခြေစိုက်လှုပ်ရှားလျက်ရှိသည်။
