CNI International News

ဘဲလ်ဂရိတ်၊ ဇွန်လ ၂

အကြမ်းဖက်မှုများအထိ ဖြစ်စေခဲ့သော ပဋိပက္ခကို ဖြေရှင်းရန်အတွက် ကိုဆိုဗိုမြောက်ပိုင်းရှိ မြို့တော်ဝန်များကို ဖယ်ရှားပေးရန် ဆားဘီးယားသမ္မတ အလက်ဇန္ဒား ဘူချိ (Aleksandar Vucic)က ကိုဆိုဗို အာဏာပိုင်များကို တောင်းဆိုခဲ့သည်ဟု အယ်ဂျာဇီးလ်ယားမှ ဖော်ပြခဲ့သည်။

ထိုမြို့တော်ဝန်များသည် တရားမဝင်ဟုလည်း ၎င်းက သုံးနှုန်းသွားခဲ့သည်။

မော်လ်ဒိုဗာတွင် ကျင်းပမည့် ဥရောပနိုင်ငံရေး အသိုင်းအဝိုင်း ညီလာခံသို့ ရောက်ရှိလာချိန် ဘူချိက ပြောခဲ့ခြင်း ဖြစ်သည်။

ဆာ့ဘ်လူမျိုး အများစုနေထိုင်ရာ ဒေသတွင် အယ်လ်ဘေးနီးယားလူမျိုး မြို့တော်ဝန်များကို ခန့်အပ်ခဲ့ပြီးနောက် ကိုဆိုဗိုမြောက်ပိုင်းတွင် မတည်ငြိမ်မှုများ မြင့်တက်လာခဲ့သည်။

ဧပြီလ ရွေးကောက်ပွဲကို ဆာ့ဘ်လူမျိုးများက သပိတ်မှောက်ခဲ့ပြီးနောက်တွင် ထိုသို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

ထိုအခြေအနေအတွက် အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ကိုဆိုဗိုအစိုးရကို ဝေဖန်ပြစ်တင်ခဲ့သည်။

တစ်ဖက်တွင်လည်း ကိုဆိုဗိုသမ္မတ ဂျိုဆာ အော့စ်မာနီ (Vjosa Osmani) က နိုင်ငံမြောက်ပိုင်းမှ အကြမ်းဖက်မှု များကို အဆုံးသတ် စေရန်အတွက် ဆားဘီးယားအနေဖြင့် ကိုဆိုဗိုအား မတည်မငြိမ်ဖြစ်အောင် ရည်ရွယ်သည့် လုပ်ရပ်များကို ရပ်တန့်ရန် လိုအပ်သည်ဟု ဇွန်လ ၁ ရက်နေ့တွင် ပြောခဲ့သည်။

စိန်ခေါ်မှုများသည် ဆားဘီးယားမှ လာကြောင်း၊ ဆားဘီးယားအနေဖြင့် အတိတ်က စံနှုန်းများအတိုင်း ပြုမှုရန် လိုအပ်နေဆဲဖြစ်ကြောင်း အော့စ်မာနီက Reuters သို့ ပြောခဲ့သည်။

အခြေအနေများသည် ခက်ခဲမှုရှိကြောင်း၊ သို့သော် ကိုဆိုဗိုတွင် တရားဥပဒေ ပြန်လည်စိုးမိုးမှုရှိသည်ကို သေချာ အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ကိုဆိုဗိုအား အချုပ်အခြာပိုင် နိုင်ငံတစ်ခုအဖြစ် လက်ခံခြင်း မရှိသည့် ဆားဘီးယား၏ သဘောထားက ခြိမ်းခြောက်မှုများကို ဖြစ်စေသည်ဟု နားလည်ထားကြောင်း ကိုဆိုဗို သမ္မတက ပြောခဲ့သည်။

ကိုဆိုဗိုသမ္မတ ဂျိုဆာအော့စ်မာနီကို တွေ့ရစဉ်

ဆားဘီးယားသည် ကိုဆိုဗိုနိုင်ငံတွင်း မတည်ငြိမ်မှုများ ဖြစ်စေရန် တရားမဝင်သည့် အဖွဲ့အစည်းများကို ထောက်ပံ့ နေသည်ဟုလည်း ၎င်းက စွပ်စွဲခဲ့ကာ သမ္မတဘူချိ အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားလျှင် ရာဇဝတ် ဂိုဏ်များအား ထောက်ပံ့နေမှုကို ရပ်တန့်ရမည်ဟု သူမ ပြောသည်။

ထိုသို့ မလုပ်ဆောင်သေးကြောင်းလည်း ဆက်လက် ပြောကြားသည်။

လီပိုဆာဗစ် (Leposavic)ရှိ နေရာတိုင်းတွင် ဆားဘီးယား အလံများကို လွှင့်ထူထားကာ ဒေသခံများသည်လည်း ယင်းသည် ဆားဘီးယား၏ အစိတ်အပိုင်းတစ်ခုဟုသာ ပြောကြောင်း၊ ယင်းသည် ပဋိပက္ခဖြစ်ပွားရခြင်း၏ ပင်မ ကိစ္စဖြစ်ကြောင်း အယ်ဂျာဇီးလ်ယား သတင်းထောက်က ပြောသည်။

Source: အယ်ဂျာဇီးလ်ယား