CNI International News

ဘန်ကောက်၊ ဇွန်လ ၂

Move Forward(MFP)ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အား စွပ်စွဲထားသည့် ရှယ်ယာပိုင်ဆိုင်မှု ချိုးဖောက်ခြင်းဆိုင်ရာ တိုင်ကြားချက်များသည် ၎င်း၏ကံကြမ္မာနှင့် မေလ ၁၄ ရက်နေ့ အထွေ ထွေရွေးကောက်ပွဲကို ဖျက်သိမ်းခြင်း လုပ်/မလုပ် ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း အိမ်စောင့်အစိုးရ၏ ဒုတိယဝန်ကြီး ချုပ် ဝစ်ဆနူ ကရီရာဂမ် (Wissanu Krea-ngam) က ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ပီတာအား အရေးယူမည့်အမိန့် ချမှတ်လိုက်လျှင် မည်သို့ဖြစ်လာမည်နည်း ဆိုသည့် မေးခွန်းများကို ဝစ်ဆနူက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပီတာသည် ၁၉၉၀ ပြည့်နှစ်များတွင် တည်ထောင်ခဲ့သော iTV ၏ ရှယ်ယာ ၄၂၀၀၀ ကို ပိုင်ဆိုင်ခဲ့သူ ဖြစ်သည်။

ထိုင်းဥပဒေအရ ကိုယ်စားလှယ်တစ်ဦးသည် မီဒီယာကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ပိုင်ဆိုင်ထားမည်ဆိုလျှင် ထိုသူအား ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် တားမြစ်သည်။

ရွေးကောက်ပွဲကော်မရှင်(EC)သည် ပီတာအား တိုင်ကြားထားသည့် ရှယ်ယာပိုင်ဆိုင်မှုဆိုင်ရာ တိုင်ကြားချက်ကို စတင် စုံစမ်းနေပြီ ဖြစ်သည်။

MFP ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ်ကို တွေ့ရစဉ်

ပီတာသည် MFP ပါတီ၏ ဝန်ကြီးချုပ်လောင်းအဖြစ် အဆိုပြု ခံထားရသူလည်း ဖြစ်သည်။

တိုင်ကြားမှုသည် ပီတာ၏ လွှတ်တော်အမတ် တစ်ဦးအဖြစ် အခြေအနေနှင့် ဝန်ကြီးချုပ်လောင်း တစ်ဦးအဖြစ် အခြေအနေတို့အပေါ် မေးခွန်းများကို ဖြစ်စေသည်။

ထိုအခြေအနေက MFP ကိုယ်စားလှယ်လောင်းများ၏ အနေအထားကိုလည်း ထိခိုက်စေနိုင်သည်ဆိုသည့် ခန့်မှန်းမှုများလည်း ကြီးထွားလာသည်။

တိုင်ကြားမှုတွင် ပါဝင်သော အသေးစိတ် အချက်အလက်များက အခြေအနေများ မည်သို့ဖြစ်မည်ကို ဆုံးဖြတ်ပေး သွားမည်ဟု ဝစ်ဆနူက ပြောသည်။

အသနားခံမှုသည် ပီတာ၏ လွှတ်တော်အမတ်ဖြစ်သော အခြေအနေကိုသာ ပစ်မှတ်ထားသည်ဆိုလျှင် ပီတာသည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဖြစ်ရန် လွှတ်တော်အမတ် တစ်ဦး အဖြစ် အရည်အချင်း ပြည့်ဝနေရန် မလိုအပ်သောကြောင့် ဖြစ်ကြောင်း ဝစ်ဆနူက ပြောသည်။

တိုင်ကြားမှုများသည် ပီတာ၏ ဝန်ကြီးချုပ်ဖြစ်ခွင့်နှင့် ပတ်သက်၍ ပစ်မှတ်ထားသည်ဆိုလျှင် ၎င်းသည် လွှတ်တော် အမတ် ဖြစ်ခွင့်ရှိနေကြောင်း ဝစ်ဆနူက ဆက်လက် ပြောဆိုခဲ့သည်။

MFP ပါတီ ခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ်ကို တွေ့ရစဉ်


နှစ်ခုစလုံးအပေါ် ပစ်မှတ်ထားသည်ဆိုလျှင် ထိုအခြေအနေကို တရားရုံးက အဆုံးဖြတ် ပေးသွားမည်ဖြစ်သည်။

ယင်းက မေလ ၁၄ ရက်နေ့ ရွေးကောက်ပွဲတွင် MFP ကိုယ်စားလှယ်လောင်းများအပေါ် ပီတာ၏ ထောက်ခံချက်ကို လည်း ထိခိုက်မှု ရှိစေမည်ဖြစ်သည်။

ထိုအခြေအနေ သုံးရပ်စလုံးသည် တိုင်ကြားမှုများအပေါ် မူတည်နေကြောင်း၊ ပီတာ၏ MFP ကိုယ်စားလှယ်လောင်း များအပေါ် အတည်ပြုမှုနှင့် ပတ်သက်၍ တိုင်ကြားမှုရှိလာလျှင် ယင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပရမည့် အခြေအနေကို ဖြစ်စေနိုင်ကြောင်းလည်း ဝစ်ဆနူက ပြောသည်။

တိုင်ကြားမှုများကို မသိရှိထားကြောင်း၊ မည်သို့ တိုင်ကြားရမည်ကိုလည်း အကြံပေးသွားမည် မဟုတ်ကြောင်း ၎င်း က ဆက်လက် ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူများ အနေဖြင့်လည်း မည်သည့်အရာကိုမှ အလွယ်တကူ ကောက်ချက် မချကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

Source: ဘန်ကောက်ပို့စ်