CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၁

မီဒီယာကုမ္ပဏီ iTV မှ ရှယ်ယာများကို ပိုင်ဆိုင်ထားသောကြောင့် မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်အရွေးခံရန် သတ်မှတ်ချက်နှင့်ညီ/မညီ မဆုံးဖြတ်နိုင်သေးမီ ပီတာအား အမတ်အဖြစ်မှ ရပ်စဲထားရန် ဖွဲ့စည်းပုံခုံရုံးက ဆုံးဖြတ်လိုက်ပြီးနောက် ထောက်ခံသူများက အင်အားအပြည့်ဖြင့် ဆန္ဒပြစည်းရုံး ပြင်ဆင်နေကြ သည်။  

ပီတာသည် လွှတ်တော်ထဲတွင် မတ်တပ်ထရပ်ပြီး ဖွဲ့စည်းပုံခုံရုံး သူ့ကို အမတ်တာဝန်မှ ရပ်စဲလိုက်သည့် စာတစ် စောင်ကို လက်ခံရရှိခဲ့ကြောင်း လွှတ်တော်ကို အသိပေး ပြောကြားလိုက်ခြင်းကြောင့် ထောက်ခံသူများက သူရဲကောင်းဆန်သည်ဟု ယူဆခဲ့ကြသည်။

လွှတ်တော်ခန်းမကို ကျောမခိုင်းမီတွင် ပီတာက ရွေးကောက်ပွဲမှာကတည်းက ထိုင်းနိုင်ငံမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်ကြောင်း၊ Move Forward ပါတီနှင့် ၎င်း၏  ထောက်ခံသူများမှာ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲရန် ခရီး တစ်ဝက် ကျိုးလာခဲ့ပြီဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ 

Move Forward ပါတီမှာ စစ်တပ်ကို နိုင်ငံရေးထဲမှ ထုတ်ပစ်ပြီး ဘုရင်စနစ်အား မစစ်ဆေး မဝေဖန်ရဲအောင် ကာကွယ်ထားသည့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်မည်ဟူသော ကတိကဝတ်များဖြင့် ရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့ ခြင်း ဖြစ်သည်။ 

ပီတာ လွှတ်တော်ကနေ ထွက်သွားစဉ်

ပီတာက လက်သီးလက်မောင်းတန်းပြီး ခန်းမထဲမှ ထွက်ခွာစဉ်၊ Move Forward ပါတီမှ ၁၅၀ သော အမတ်များက ကောင်းချီး သြဘာပေးကြရာ အတော်များများမှာ မျက်ရည်များပင် စီးကျနေကြသည်။ 

ဖွဲ့စည်းပုံခုံရုံးက အများစုမဲဖြင့် ပီတာကို ဆိုင်းငံ့လိုက်ကြောင်း ကြေညာလိုက်သောအခါ ပါလီမန်အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော ပီတာကို ထောက်ခံသူများက ရှေ့တံခါးသို့ ပြေးလာကြပြီး ရဲတပ်ဖွဲ့၏ အတားအဆီးများကို ချိုးဖျက်ကာ အထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။ 

ထို့နောက် သမ္မာဆတ်နှင့် ဆန္ဒပြမှု ညီညွတ်ရေးတပ်ဦးက ဖေ့စ်ဘွတ်ခ်မှတဆင့် ဆန္ဒပြသူများ ညနေ ၅ နာရီအချိန် ဒီမိုကရေစီ ကျောက်တိုင်တွင် စုရုံးကြရန် ဆင့်ဆိုလိုက်သည်။ 

ပီတာ ထောက်ခံသူများ ဆန္ဒပြနေကြစဉ်

ညနေ ၅ နာရီအချိန်တွင် လူ ၃-၄၀၀ ခန့် ဒီမိုကရေစီ ကျောက်တိုင်တွင် စုရုံးလာကြရာ “ပီတာ၊ လူထုသဘောတူတဲ့ ဝန်ကြီးချုပ်”ဟု ရေးသားထားသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်လာကြသည်။ 

ထို့နောက် ဆန္ဒပြပွဲ ခေါင်းဆောင်များက ဖွဲ့စည်းပုံခုံရုံးနှင့် ရွေးကောက်ပွဲကော်မရှင်၏ နှိပ်ကွက်မှုကို ခံနေရသည့် ပီတာအတွက် တရားမျှတမှုကို တောင်းဆိုကြသည်။ 

ရွေးကောက်ပွဲ အနိုင်ရသည့် Move Forward ပါတီ၏ နောက်အစိုးရကို ဦိးဆောင်နိုင်သော ဒီမိုကရေစီ အခွင့်အရေး ကို အထက်လွှတ်တော်အမတ်များက ပိတ်ဆို့သည်ဟုလည်း ဆန္ဒပြသူများက အော်ဟစ်ခဲ့ကြသည်။

Source: The Nation Thailand