CNI International News

ဘန်ကောက်၊ ဇူလိုင် ၂၁

ဖြူးထိုင်း(Pheu Thai)ပါတီ၏ ဝန်ကြီးချုပ်လောင်း ၃ ယောက်ထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည့် ဆရတ်သာ သာဗီဆင်(Srettha Thavisin)က ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးအတွက် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ဇူလိုင် ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်ဟု The Nation Thailand မှ ဖော်ပြခဲ့သည်။

ထို့နောက် Move Forward Party(MFP) ဦးဆောင်သည့် (၈)ပါတီ ညွန့်ပေါင်းအဖွဲ့ကနေ ထုတ်ပယ်ရေးမှာ မလွဲ မရှောင်သာ ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောသည်။

“ကျနော်က ဖြူးထိုင်းရဲ့ ဝန်ကြီးချုပ်လောင်း တစ်ယောက်ပါ။ ပါတီက တာဝန်ပေးထားတဲ့အတိုင်း စီးပွားရေး ပြဿနာတွေကို ကိုင်တွယ်ဖို့ အဆင်သင့် ဖြစ်နေရမှာပါ”ဟု ဆရတ်သာက သတင်းထောက်များကို ပြောကြား ခဲ့သည်။ 

ဆရတ်သာသည် အိမ်ခြံမြေသူဌေးကြီးဘဝမှ နိုင်ငံရေးသမားဖြစ်လာသူ ဖြစ်သည်။

 ပီတာနဲ့ Move Forward ပါတီအမတ်များကိုတွေ့ရစဉ်

ဝန်ကြီးချုပ်လောင်း ပီတာလင်ဂျာရိုရတ် လွှတ်တော်၏ ထောက်ခံမှု မရခဲ့လျှင် ညွန့်ပေါင်းအဖွဲ့ကနေ MFP ပါတီကို ထုတ်ပယ်လာနိုင်သလားဟု မေးမြန်းစဉ် ဆရတ်သာက “ဒါက သိပ်ကိုလွယ်တဲ့ သင်္ချာပုစ္ဆာပါ။ ကိုယ့်ဖာသာကိုယ် တွက်ကြည့်လို့ရပါတယ်။ လူတိုင်းလည်း သိကြပါတယ်”ဟု ပြောကြားခဲ့သည်။ 

MFP ပါတီကို ထုတ်ပယ်ခဲ့ပါက ဝန်ကြီးချုပ်ရွေးချယ်မည့် လွှတ်တော်မဲပေးပွဲအတွက် ဖြူးထိုင်းပါတီသည် မိမိကို အဆိုပြုလိမ့်မည်ဟု တစ်ထစ်ချ မှတ်ယူရန် စောလွန်းသေးသည်ဟု ဆရတ်သာက ပြောသည်။ 

(၈)ပါတီ မိတ်ဖက်များ၏ ကိုယ်စားလှယ်များမှာ လာမည့် ပူးတွဲလွှတ်တော်တွင် ဘာလုပ်ကြမည်ကို မကြာခင် ဆွေးနွေးတော့မည်ဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့က ဖြူးထိုင်းပါတီကို ဝန်ကြီးချုပ်လောင်း တင်သွင်းခွင့်ပြုရန် သဘောတူလျှင် ပါတီ၏ အမှုဆောင်အဖွဲ့မှ ဝန်ကြီးချုပ်လောင်း ၃ ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်ရမည် ဖြစ်သည်။ 

ဇူလိုင် ၁၉ ရက်နေ့က ပူးတွဲလွှတ်တော် အစည်းအဝေးတွင် မဲပေးရန်အတွက် ပီတာကို ထပ်မံ အဆိုပြုခဲ့ကြသော် လည်း လွှတ်တော်တစ်ရပ်တည်း၌ ပယ်ချပြီးသားအဆိုကို ထပ်တင်ခွင့် မပြုသင့်ဟူသော အကြောင်းပြချက်ဖြင့် အမတ်အများစုက ဒုတိယအကြိမ်မဲပေးမှုကို ခွင့်မပြုရန် မဲပေး ကန့်ကွက်ခဲ့ကြသည်။ 

ဘုရင်အားစော်ကားမှုကို တားမြစ်သည့်ဥပဒေ (lese majeste law)ဟု အများသိကြသည့် ပုဒ်မ ၁၁၂ ပြင်ဆင်ရေး မှာ ဖြူးထိုင်းပါတီ ခေါင်းဆောင်သည့် ညွန့်ပေါင်းအဖွဲ့၏ ပေါ်လစီ ဖြစ်လာမည်မဟုတ်ဟု ဆရတ်သာက ဇူလိုင် ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ 

 ဖြူးထိုင်းပါတီက ဝန်ကြီးချုပ်လောင်းများကို တွေ့ရစဉ်

ပုဒ်မ ၁၁၂ ပြင်ဆင်ရေးကို ကြိုးစားပါက အထက်နှင့်အောက် အမတ်များ၏ ထောက်ခံမဲကို ဆုံးရှုံးသွားနိုင်သည်။

(၈)ပါတီညွန့်ပေါင်းတွင် မပါသော ပါတီများနှင့် အထက်လွှတ်တော် အမတ်များကတော့ ပုဒ်မ ၁၁၂ ကို ပြင်ဆင် (သို့) ဖျက်သိမ်းရန် ကြိုးစားမည့် ပါတီ၏ မည်သည့်အမတ်ကိုမှ မဲပေးမည်မဟုတ်ဟု ကြေညာထားကြသည်။

ထို့အပြင် Move Forward ပါတီက အဆိုပြုထားသည့် ပြုပြင်ပြောင်းလဲရေးများမှာ ဘုရင်စနစ်နှင့် နိုင်ငံတော် လုံခြုံရေးကို ဖျက်စီးလိမ့်မည်ဟုလည်း စောဒက တက်ကြသည်။

 Source: The Nation Thailand