CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၀

ကိုရီးယားနှစ်နိုင်ငံနယ်စပ်ကို ခွင့်ပြုချက်မရှိဘဲ ဖြတ်ကျော်ပြီး မြောက်ကိုရီးယားထဲ ဝင်ရောက်သွားသည့် အမေရိကန်စစ်သား၏ ကံကြမ္မာကို သိနိုင်ဖို့ အမေရိကန်စစ်တပ်သည် အသည်းအသန် စုံစမ်းနေကြောင်း ရိုက်တာ မှ ဖော်ပြခဲ့သည်။

အဆိုပါ ဖြစ်ရပ်သည် နျူကလီးယား လက်နက်ပိုင် နိုင်ငံနှင့် ဆက်ဆံရေးတွင် အမေရိကန်အတွက် နောက်ထပ် အကျပ်အတည်း ကြုံနေရသည်။ 

တပ်သား ထရာဗစ်တီကင်း(Travis T. King)ဆိုသော စစ်သားမှာ ၂၀၂၁ ခုနှစ်က စစ်တပ်ထဲ ဝင်လာသူဖြစ်ပြီး ယခုလုပ်ရပ်ကြောင့် စည်းကမ်းပိုင်း အရေးယူမှုကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ 

ကိုရီးယားနှစ်နိုင်ငံနယ်စပ်ကြား ပူးတွဲလုံခြုံရေးဧရိယာ (JSA)ကို လည်ပတ်ကြည့်ရှုစဉ် ဇူလိုင် ၁၈ ရက်နေ့က တပ်သားကင်းမှာ မြောက်ကိုရီးယား ပိုင်နက်အတွင်းသို့ ကိုယ့်သဘောနှင့်ကိုယ် ခွင့်ပြုချက်မရဘဲ ဝင်ရောက် သွားခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်(Lloyd Austin)က ပြောသည်။ 

 မြောက်ကိုရီးယားထဲ ကျူးကျော်ရောက်သွားတဲ့ တပ်သား ထရာဗစ်တီကင်းကိုတွေ့ရစဉ်

“သူဟာ မြောက်ကိုရီးယားမှာ အဖမ်းခံနေရပြီလို့ ယူဆရပါတယ်။ ကျနော်တို့ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်စုံစမ်းနေပါတယ်။ သူ့ရဲ့ ဆွေမျိုးတွေကိုလည်း အကြောင်းကြားဖို့ လုပ်နေပါတယ်”ဟု အော်စတင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက တစ်စုံတစ်ရာ ဖော်ပြခြင်း မရှိသကဲ့သို့၊ နယူး ယောက်မှ မြောက်ကိုရီးယား ကုလကိုယ်စားလှယ်အဖွဲ့ကလည်း မေးမြန်းမှုကို ချက်ချင်း တုံ့ပြန်နိုင်ခြင်းမရှိခဲ့ဟု ပြောသည်။

ဇူလိုင် ၁၈ ရက်နေ့က အမေရိကန် နျူကလီးယားလက်နက်တင် ပဲ့ထိန်းဒုံးကျည်သင်္ဘော တောင်ကိုရီးယားသို့ ဆိုက်ကပ်လာမှုနှင့် ဇူလိုင် ၁၉ ရက်နေ့ အစောပိုင်းတွင် မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် ၂ စင်း ပင်လယ်ထဲ စမ်းသပ်ပစ်ခတ်ခဲ့မှုများကြောင့် ကိုရီယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်လာနေချိန်မှာပဲ  အမေရိကန် စစ်သားကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 

မြို့တော် ပြုံယမ်းအနီးမှ တာတိုပစ် ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ရာ ဒုံးကျည်များသည် ၆၀၀ ကီလိုမီတာလောက် အထိ ပျံသန်းသွားခဲ့ပြီးမှ အရှေ့ဖက်ကမ်းရိုးတန်း ကမ်းလွန်ပင်လယ်ထဲသို့ ထိုးကျသွားခဲ့သည်ဟု တောင်ကိုရီးယား စစ်တပ်က ပြောသည်။ 

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ရက်သတ္တပတ်က လောင်စာခဲသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အပါအဝင် နျူကလီးယား ထိပ်ဖူးများကို သယ်ဆောင်နိုင်သည့် ဒုံးကျည်များအား ပိုမိုစမ်းသပ်လာနေသည်။ 

နယ်စပ်ဧရိယာလုံခြုံရေးကို ကြီးကြပ်နေသည့် ကုလသမဂ္ဂဌာန (UNC)က အမေရိကန်စစ်သား ကိစ္စနှင့်ပတ်သက် ၍ အရေးပေါ်လိုင်းမှတဆင့် မြောက်ကိုရီးယားနှင့် ဆက်သွယ်ခဲ့သည်ဟု ကိုရီးယားမှ အမေရိကန်တပ်ဖွဲ့များ၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားသည်။ 

ထိုကိစ္စကို ဖြေရှင်းရန် ကိုရီးယားပြည်သူ့တပ်မတော် အရာရှိများနှင့် ဆက်သွယ် အလုပ်လုပ်နေကြောင်း ဗိုလ်မှူးကြီး အစ်ဆက်တေလာ(Isaac Taylor)က ပြောသည်။ 

“နေ့တိုင်း မြောက်ကိုရီးယားတွေနဲ့ ဆက်သွယ်နေပါတယ်။ ဒီဖြစ်ရပ်ဟာ အပစ်ရပ်ရေး သဘောတူညီချက်နဲ့လည်း အကြုံးဝင်နေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

Source: ရိုက်တာ