CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(AA-MNDAA-TNLA)မှ ကိုယ်စားလှယ်များနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)မှ ကိုယ်စားလှယ်များသည် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းလားမြို့မှာ တွေ့ဆုံ ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲကို တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သလို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အထူးကိုယ်စားလှယ် မစ္စတာကောပေါင်လည်း တက်ရောက်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ခိုင်မာစေရေးကိစ္စ၊ တိုင်းရင်းသား ပြည်သူ တစ်ရပ် လုံး၏ လိုလားချက် ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည် ဆောက်ရေးကိစ္စ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲ ပူးပေါင်း အကောင် အထည် ဖော်နိုင်ရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာကိစ္စများကို ရှင်းလင်း ဆွေးနွေးပြီး ဖမ်းဆီးထားသူများ ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ မတရားအသင်းမှ ပယ်ဖျက်ရေးကိစ္စနှင့် မိုခါ မုန်တိုင်းဒဏ်သင့်ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အမြန်ဆုံး အဆင် ပြေ ချောမွေ့စွာ ရောက်ရှိနိုင်ရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု နစကဘက်က ထုတ်ပြန်ခဲ့သည်။

ဇွန်လ ၂ ရက်နေ့တွင် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။