CNI International News

ဘရပ်ဆဲလ်၊ ဇွန်လ ၂၃

နှစ်နိုင်ငံနယ်စပ်အနီးတွင် အကြမ်းဖက်ပဋိပက္ခများ ဖြစ်ပွားနေခြင်းကို အဆုံးသတ်နိုင်ရေး အရေးပေါ် အစည်း အဝေးအတွက် ဥရောပသမဂ္ဂက ဆားဘီးယားနှင့် ကိုဆိုဗိုခေါင်းဆောင်များကို ခေါ်ယူတွေ့ဆုံခဲ့သည်ဟု Al Jazeera သတင်းတွင် ဖော်ပြထားသည်။ 

ကိုဆိုဗို ဝန်ကြီးချုပ် အယ်လ်ဘင် ကာတီ (Albin Kurti)၊ ဆားဘီးယား သမ္မတ အလက်ဇန္ဒား ဗူချိ(Aleksander Vucic) တို့နှင့် ကြားသပတေးနေ့၌ ဘရပ်ဆဲလ် (Brussels) မြို့တွင် အရေးပေါ် အစည်းအဝေး ကျင်းပသွားမည်ဟု EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရယ် (Josep Borrell) က ပြောသည်။

သို့သော် ခေါင်းဆောင်နှစ်ဦးသည် မျက်နှာချင်းဆိုင် တွေ့ဆုံမည်လား သို့မဟုတ် ဘော်ရယ်နှင့် သီးခြားစီ တွေ့ဆုံ သွားမည်လား ဆိုသည်ကိုတော့ တိတိကျကျ မသိရသေးပေ။ 

တင်းမာမှုများကို လျှော့ချရန်၊ ကိုဆိုဗိုရှိ ဆာ့ဘ်လူမျိုးများ ပါဝင်သည့် မြောက်ပိုင်း ရွေးကောက်ပွဲသစ်များ ပြန်လည် စတင်ရန် ချက်ချင်း ကြိုးပမ်းသင့်ကြောင်း၊ ယင်းသည် ဒေသတွင်းနှင့် EU တို့အတွက် မရှိမဖြစ် အရေးပါကြောင်း ဘော်ရယ်က ဆွေးနွေးပွဲမတိုင်ခင် တွစ်တာတွင် ပြောခဲ့သည်။

အဖွဲ့ဝင် ၂၇ နိုင်ငံပါ EU အဖွဲ့သည် နှစ်နိုင်ငံကြား ပြန်လည်ရင်ကြားစေ့မှုအတွက် ဆွေးနွေးပွဲများကို နှစ်ချီကာ ဦးဆောင် ကျင်းပပေးခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာ ရရှိထားသည်။

ကိုဆိုဗိုမှာ အကြမ်းဖက်မှုများ ဖြစ်ပွားစဉ်

ဆားဘီးယားနှင့် ယင်း၏ ပြည်နယ်ဟောင်း တစ်ခုဖြစ်သော ကိုဆိုဗိုတို့ကြားတွင် ကာလရှည် တင်းမာမှုများရှိခဲ့ သည်။ 

၁၉၉၈-၉၉ ခုနှစ်က နှစ်နိုင်ငံကြား ပဋိပက္ခများကြောင့် လူ ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ အများစုမှာ ကိုဆိုဗို အယ်လ်ဘေးနီးယား လူမျိုးများ ဖြစ်သည်။ 

ကိုဆိုဗို၏ ၂၀၀၈ ခုနှစ် လွတ်လပ်ရေး ကြေညာချက်ကို ဆားဘီးယားဘက်က အသိအမှတ်ပြုရန် ငြင်းဆန်သည်။ 

ဆားဘီးယားသည် ကိုဆိုဗိုအား ၎င်းတို့နှင့် နှီးနှော ဆက်နွယ်မှုများစွာ ရှိသည့် နယ်မြေတစ်ခုအဖြစ် ရှုမြင်ထားကာ ကိုဆိုဗိုတွင် ဆားဘီးယား အော်သိုဒေါ့ အသင်းတော်၏ အထင်ရှားဆုံး ကျောင်းတော်များ ဆက်လက် တည်ရှိ နေ ဆဲလည်း ဖြစ်သည်။ 

နှစ်နိုင်ငံကြား တင်းမာမှုများသည် ပြီးခဲ့သည့်လတွင် ပိုမိုဆိုးရွားလာခဲ့သည်။ 

ကိုဆိုဗို လုံခြုံရေးတစ်ဦးကိုတွေ့ရစဉ်

ဒေသတွင်း ရွေးကောက်ပွဲတစ်ခု ကျင်းပခဲ့ပြီးနောက် အယ်လ်ဘေးနီးယား မြို့တော်ဝင်များကို တင်မြှောက်ရန် ကိုဆိုဗို မြောက်ပိုင်းရှိ မြူနီစီပယ် အဆောက်အဦတစ်ခုကို ကိုဆိုဗိုရဲတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက်တွင် ဖြစ်သည်။

ထိုဒေသတွင် ဆာ့ဘ်လူမျိုး အများစုနေထိုင်ကာ ယင်းတို့သည် ရွေးကောက်ပွဲကိုလည်း အကြီးအကျယ် သပိတ် မှောက်ခဲ့ကြသည်။ 

ဆားဘီးယားသည် နယ်စပ်ရှိ ၎င်းတို့၏ တပ်ဖွဲ့များကို အမြင့်ဆုံး အဆင့် တပ်လှန့်မှု လုပ်ဆောင်ထားသည်။ 

ကိုဆိုဗို ဆာ့ဘ်လူမျိုးများနှင့် ကိုဆိုဗိုရဲတပ်ဖွဲ့၊ နေတိုး ဦးဆောင်သည့် ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့များအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက်တွင် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

နေတိုးအဖွဲ့သည် မကြာသေးခင်ကလည်း တပ်ဖွဲ့များကို အင်အား ဖြည့်တင်းမှု လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

Source:  Aljazeera