CNI International News

နယူးဒေလီ၊ မတ်လ ၁

ပြီးခဲ့သည့် နှစ်အတွင်း နိုင်ငံပေါင်း ၃၅ နိုင်ငံမှ အစိုးရများသည် အင်တာနက် ဖြတ်တောက်မှုပေါင်း ၁၈၇ ကြိမ် လုပ်ဆောင်ခဲ့ရာ အိန္ဒိယသည် ဖြတ်တောက်မှု အကြိမ်အရေအတွက် အများဆုံးအဖြစ် ၈၄ ကြိမ် လုပ်ဆောင်ခဲ့ ကြောင်း အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယအစိုးရသည် ၎င်း အုပ်ချုပ်နေသည့် ကတ်ရှ်မီးယားဒေသတွင် ၄၉ ကြိမ်အထိ အင်တာနက် ဖြတ်တောက်မှု ပြုလုပ်ခဲ့သည်။

ထိုအချက်များကို ဒစ်ဂျယ်တယ် အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ Access Now နှင့် #KeepItOn ညွှန့်ပေါင်းအဖွဲ့တို့ ၏ အင်္ဂါနေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယသည် ကမ္ဘာတွင်း အကြီးမားဆုံး ချိုးဖောက်သူအဖြစ် သတ်မှတ်ခံထားရပြီး ထိုစာရင်းတွင် ငါးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ပါဝင်နေသည်။

သို့သော် ယခုနှစ်သည် ၂၀၁၇ နောက်ပိုင်း ပထမဆုံးအဖြစ် အိန္ဒိယတွင် အင်တာနက်ဖြတ်မှု ၁၀၀ အောက် ရောက်ရှိ နေခြင်းလည်း ဖြစ်သည်။

တစ်ကမ္ဘာလုံးဆိုင်ရာ အင်တာနက်ဖြတ်တောက်မှု စာရင်းထုတ်ပြန်ချက်ကိုတွေ့ရစဉ် 

အိန္ဒိယ တာဝန်ရှိသူများသည် ကတ်ရှ်မီးယား ဒေသအတွင်းမှ နိုင်ငံရေး မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများကြောင့် အင်တာနက် ဖြတ်တောက်မှု အနည်းဆုံး ၄၉ ကြိမ် လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယမှ အင်တာနက် ဖြတ်တောက်မှုများ၏ ၈၀ ရာခိုင်နှုန်းမှာ အငြင်းပွား ဟိမဝန္တာဒေသတွင် ဖြစ်သော်လည်း ၂၀၂၂ ခုနှစ်တွင် ၅၈ ရာခိုင်နှုန်းသာ ရှိတော့သည်ဟုလည်း သိရသည်။

ကတ်ရှ်မီးယားဒေသကို အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံလုံးက ၎င်းတို့ပိုင်အဖြစ် သတ်မှတ်ထားသည်။ အိန္ဒိယဘက် အခြမ်း အစိုးရအပေါ် ကာလရှည် ပုန်ကန်မှုများကြောင့်လည်း ယင်းသည် ကမ္ဘာ့လုံခြုံရေး အတင်းကြပ်ဆုံး ဒေသ များမှ တစ်ခုအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။

၂၀၁၉ ခုနှစ်မှ စတင်ကာ မိုဒီ ဦးဆောင်သည့် လက်ယာယိမ်း အစိုးရသည် ကတ်ရှ်မီးယား၏ အထူးအခြေအနေကို ဖျက်သိမ်းခဲ့ပြီး ဒေသခံများအပေါ် နှိမ်နင်းမှု၊ ဥပဒေနှင့်မူဝါဒအသစ် ချမှတ်မှုများ ရှိခဲ့သည်။

မူဆလင် အများစု နေထိုင်ရာ နိုင်ငံ၏ တစ်ခုတည်းသော ဒေသအား ဖိနှိပ်ခြင်းဟုလည်း ဝေဖန်သူများက ထောက်ပြခဲ့သည်။

အိန္ဒိယမှာ အင်တာနက်ဖြတ်တောက်ထားမှုကိုတွေ့ရစဉ်

Access Now ၏ ထုတ်ပြန်ချက်တွင် အနောက်ဘန်ဂေါ (West Bengal) နှင့် ရာဂျက်စတန် (Rajathan) ပြည်နယ် တို့တွင်လည်း ဖြတ်တောက်မှု ၇ ကြိမ်နှင့် ၉ ကြိမ်စီ အသီးသီး ရှိခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုပြည်နယ် နှစ်ခုစလုံးကို မိုဒီ၏ အတိုက်အခံ ပါတီများက အုပ်ချုပ်နေခြင်း ဖြစ်သည်။ ဆန္ဒပြမှု၊ အကြမ်းဖက်မှုနှင့် အငြင်းပွားဖွယ် စာမေးပွဲများကို ထိန်းချုပ်ရန် အာဏာပိုင်များက အင်တာနက် ဖြတ်တောက်မှု လုပ်ဆောင်ခြင်း ဖြစ်ပြီး ယင်းက ပြည်သူသန်းပေါင်းများစွာ၏ နေ့စဉ်ဘဝကို ထိခိုက်စေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အင်တာနက် ဖြတ်တောက်မှု အများဆုံး စာရင်းတွင် ပါဝင်သော နိုင်ငံများမှာ အီရန်၊ မြန်မာ၊ ရုရှားနှင့် အီသီယိုးပီး ယား တို့ ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: အယ်ဂျာဇီးယား