CNI International News

ဒီဟန်ဂရီ၊ မတ်လ ၁

အငြင်းပွားနေသော ကတ်ရှ်မီးယားဒေသ(Kashmir)ရှိ ဒီဟန်ဂရီ (Dhangri) ရွာတွင် ဇန်နဝါရီလ အစောပိုင်းက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုနှစ်ခုကြောင့် ဟိန္ဒူလူမျိုး ၇ ဦး သေဆုံးခဲ့ပြီးနောက် ဒေသခံများကို အိန္ဒိယအစိုးရမှ လက်နက်များတပ်ဆင်ပေးနေကြောင်း သိရသည်။

အိန္ဒိယစစ်သားဟောင်း တစ်ဦးဖြစ်သူ ဆာတစ် ကူးမား (Satish Kumar)က ၎င်းတို့၏ တောင်တန်းဒေသတွင် စိုးရိမ်မှုများ ပြန်လည်ပေါ်ပေါက်လာပြီဟု ပြောကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

ရာဂျိုရီ (Rajouri) ခရိုင်နှင့် နယ်စပ်ရှိ ကျေးရွာတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ဟိန္ဒူအများစု နေထိုင်ရာ ဂျမ်မူး (Jammu)ဒေသတွင် ဒေသခံထောင်ချီက ဆန္ဒပြခဲ့ကြသည်။

ထို့ကြောင့် အိန္ဒိယအစိုးရ တာဝန်ရှိသူများက ဆယ်ကျော်သက်များ အပါအဝင် ဒေသခံ ထောင်ပေါင်းများစွာကို လက်နက် ပြန်လည် တပ်ဆင်ပေးခြင်း၊ လေ့ကျင့်ပေးခြင်းများ ပြုလုပ်ခဲ့သည်။

ကူးမားသည် ထိုသို့သော လက်နက်ကိုင် အဖွဲ့အတွင်း ဝင်ရောက်ခဲ့သူများမှ တစ်ဦးဖြစ်ပြီး အာဏာပိုင်များက ၎င်းအား ဆီမီးအော်တို သေနတ်တစ်လက်နှင့် ကျည်အတောင့် ၁၀၀ ပေးခဲ့သည်။

စစ်သားတစ်ဦးအဖြစ် ပြန်လည် ခံစားရသည်ဟု အသက် ၄၀ အရွယ် ကူးမားက ပြောသည်။

အိန္ဒိယအမျိုးသမီးများ ရပ်ရွာကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းစဉ် (AP)

၎င်းသည် ၂၀၁၈ တွင် စစ်တပ်မှ အနားယူခဲ့သူဖြစ်ကာ ကုန်စုံဆိုင်တစ်ခုကို ဖွင့်လှစ်ထားသည်။

ကူးမား ကဲ့သို့ ဒေသခံ လက်နက်ကိုင်များကို ရပ်ရွာကာကွယ်ရေး အုပ်စုများဟု ခေါ်သည်။ အစိုးရ တပ်ဖွဲ့များ လျင်လျင်မြန်မြန် ရောက်မလာနိုင်သည့် ဟိမဝန္တာ ကျေးရွာများတွင် သူပုန်ထမှုကို ဦးစွာ ရင်ဆိုင်နိုင်ရေးအတွက် ထိုအဖွဲ့များကို ၁၉၉၀ နှစ်များတွင် ဦးစွာဖွဲ့စည်းခဲ့သည်။

သို့သော် ပုန်ကန်မှု နည်းပါးလာချိန် ထိုတပ်သား တစ်ချို့၏ ရက်စက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ဝေဖန်မှုများ ရှိလာခြင်းကြောင့် အဆိုပါအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။

ဇန်နဝါရီလ တိုက်ခိုက်မှုများက ရာဂျိုရီတွင် ထိုတပ်ဖွဲ့များ ပြန်လည် ပေါ်ပေါက်လာရန် တွန်းအားဖြစ်စေသည်။

အဆိုပါ ဒေသတွင် အိန္ဒိယနှင့်ပါကစ္စတန်ကြား ကတ်ရှ်မီးယား ဒေသကို ပိုင်းခြားထားသည့် ထိန်းချုပ်ရေးမျဉ်းအနီး တွင် ရှိသည်။

ထိုနေရာတွင် အိန္ဒိယစစ်သားများနှင့် သူပုန်များကြား တိုက်ပွဲများ မကြာခဏရှိသည်။ မိသားစုအား အကြမ်းဖက်မှု ရန်မှ ကာကွယ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်နေခြင်းကြောင့် ရပ်ရွာကာကွယ်ရေး အဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဟု ကူးမားက ပြောသည်။

အကြမ်းဖက်မှုများကြောင့် ထိတ်လန့်နေရကြောင်းလည်း ၎င်းက ပြောသည်။

လုံခြုံရေး စောင့်နေသော အရပ်သားတစ်ဦးကိုတွေ့ရစဉ်(AP)

ဇန်နဝါရီ ၁ ရက်တွင် သေနတ်သမားနှစ်ဦး၏ တိုက်ခိုက်မှုကြောင့် သားအဖနှစ်ဦး အပါအဝင် လေးဦးသေဆုံးကာ အနည်းဆုံး ငါးဦးဒဏ်ရာ ရခဲ့သည်။

နောက်တစ်ရက် ပေါက်ကွဲမှုတစ်ခုတွင် ကလေးငယ် နှစ်ဦးသေဆုံးကာ အနည်းဆုံး ၁၀ ဦး ဒဏ်ရာခဲ့သည်။ လက်ရှိ အချိန်အထိ ပေါက်ကွဲမှုသည် သေနတ်သမားများထားသည့် ဖောက်ခွဲရေးပစ္စည်းကြောင့်လား ရှင်းရှင်းလင်းလင်း မသိရသေးပေ။

နောက်တစ်ပတ်အကြာ ဒဏ်ရာရသူတစ်ဦး သေဆုံးမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၇ ဦး အထိ မြင့်တက် ခဲ့သည်။

ထိုတိုက်ခိုက်မှုများကို ကတ်ရှ်မီးယားရှိ စစ်သွေးကြွများက လုပ်ဆောင်ခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က အပြစ်တင်ခဲ့ သော်လည်း နှစ်လကြာသည်အထိ သံသယရှိသူများကို ဖမ်းဆီးနိုင်ခြင်း၊ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

ထိုအခြေအနေက လူဦးရေ ၅၀၀၀ ထည့်ပြီး ၇၀ ရာခိုင်နှုန်းမှာ ဟိန္ဒူများဖြစ်သော ကျေးရွာအတွင်း စိုးရိမ်မှုနှင့် အမျက်ဒေါသတို့ကို မြင့်တက်လာစေခဲ့သည်။

Source: AP