CNI International News

နယူးဒေလီ၊ ဧပြီ ၅

အိန္ဒိယဗဟိုဘဏ်၏ ၂၀၂၀ ပြည့်နှစ် ငွေကြေးဖောင်းပွမှုဆိုင်ရာ ချိုးဖောက်မှုအပေါ် အစိုးရအနေဖြင့် ဥပဒေအရ အရေးယူ ကိုင်တွယ်ခြင်းမရှိကြောင်း သတင်းရယူပိုင်ခွင့် သတ်မှတ်ချက်နှင့်အညီ သတင်းထောက်များအစည်းအရုံး (TRC)နှင့် အယ်လ်ဂျာဇီးယားတို့ ရရှိထားသော စာရွက်စာတမ်းများက ပြသလျက်ရှိသည်။

ဘဏ်လုပ်ငန်း အုပ်ချုပ်ရေးမှူး ရှိတ်တီကာနာဒက်စ်၏ လက်အောက်ရှိ တနိုင်ငံလုံး ငွေကြေးစနစ် စီမံကိုင်တွယ်ပေးရသော RBI (Reserve Bank of India)သည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ၃ လပတ်ဆက်တိုက် တရားဝင် သတ်မှတ်ခဲ့သည့် ငွေကြေးဖောင်းပွမှုနှုန်း ၆ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိကြောင်း အယ်လ်ဂျာဇီးယားသတင်းအရ သိရသည်။

RBI သည် ငွေကြေးဖောင်းပွမှု ရည်မှန်းချက်အတိုင်း ပြည့်မီခြင်းမရှိပါက အစိုးရအဖွဲ့ထံသို့ အကြောင်းကြားစာ ပေးပို့၍ တစ်လ အတွင်း နှုန်းထားများ မူလအတိုင်း ပြန်လည်ထားရှိရမည့် အစီအစဉ်ရေးဆွဲပေးရန် တာဝန်ရှိကြောင်း အိန္ဒိယဥပဒေက ပြဋ္ဌာန်း ထားသည်။

ထိုသို့ ပွင့်လင်းမြင်သာမှုရှိမှသာ စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံသားများသည် ငွေကြေးဖောင်းပွမှု ထိန်းချုပ်နိုင်ရေးနှင့် ပတ်သက်၍ RBI နှင့် အိန္ဒိယအစိုးရတို့အပေါ် အယုံအကြည် ကင်းမဲ့ခြင်းမှ တားဆီးနိုင်မည်ဖြစ်သည်။

သို့သော် အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး နီယာမာလာစီသာရာမန် (Nirmala Sitharaman)၏ ထောက်ခံချက်ဖြင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ဗဟိုဘဏ်ကို ခွင့်ပြုပေးခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနမှ ရရှိထားသော စာရွက်စာတမ်းများအရ သိရသည်။

အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီး နီယာမာလာစီသာရာမန်ကိုတွေ့ရစဉ်(GETTY IMAGES)

ကပ်ရောဂါကြောင့် ကန့်သတ်ချက်များ၊ lockdown ချရခြင်းများကြောင့် သတ်မှတ်ထားသော ကာလအတွက် တရားဝင် ငွေကြေး ဖောင်းပွမှုနှုန်းကို ခန့်မှန်း တွက်ချက်ထားခဲ့ကြောင်း၊ သို့ရာတွင် အတိုးနှုန်း သတ်မှတ်ရာ၌ လက်တွေ့နယ်ပယ်၌ လုံလောက်သော ယုံကြည်စိတ်ချရမှု မရှိခဲ့ကြောင်း ဝန်ကြီးဌာနက RBI သို့ အသိပေးခဲ့သည်။

သို့သော် အဆိုပါ နှုန်းထားနှင့် ကိန်းဂဏန်းများကို အစိုးရနှင့် ၎င်း၏စာရင်းအင်းဌာန အဆင့်အားလုံးတွင် ထောက်ခံချက် ရရှိခဲ့ ပြီး တခြားသော စီးပွားရေးဆိုင်ရာ အကဲဖြတ်မှုများအတွက် အစိုးရက ရည်ညွှန်းအသုံးပြုခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေ သည်။

အိန္ဒိယဘဏ္ဍာရေး ဝန်ကြီးဌာနအနေဖြင့် စိုးရိမ်မှုမှာ တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ချေးငွေစရိတ် သက်သာ နိုင်သည့် အချိန်တွင် ဈေးနှုန်းတက်ခြင်းများ ထိန်းချုပ်ရန် ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တော့မည့် အရေးဖြစ်ကြောင်း ဘဏ်လောကမှ ရရှိသော စာရွက်စာတမ်းများ၌ ဖော်ပြထားသည်။

အဆိုပါ သတင်းများနှင့်ပတ်သက်၍ အယ်လ်ဂျာဇီးယားသတင်းဌာနက မေးခွန်းများပေးပို့၍ စုံစမ်းခဲ့ရာ ဘဏ္ဍာရေးဝန်ကြီး ဌာနနှင့် RBI တို့က တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

ဝန်ကြီးချုပ် နရိန္ဒရာမိုဒီသည် အိန္ဒိယပြည်တွင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တားဆီးရန်အတွက် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ အတင်းကျပ်ဆုံး lockdown ချခဲ့ခြင်းကြောင့် နောက်ဆက်တွဲ အကျိုးဆက်အဖြစ် ငွေကြေးဖောင်းပွမှုက လှုပ်လှုပ်ခတ်ခတ်ဖြင့် တိုးလာခဲ့သည်။

Source: Aljazeera