CNI International News

တိုကျို၊ မတ်လ ၁

စံချိန်တင်ကာကွယ်ရေးအသုံးစရိတ် ယန်း ၆ ဒသမ ၈ ထရီလီယံ ပါဝင်သည့် လာမည့် ဘဏ္ဍာရေးနှစ် ဘတ်ဂျက် ကို ဂျပန်အောက်လွှတ်တော်က အင်္ဂါနေ့တွင် အတည်ပြုပေးခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။

၂၀၂၃ ခုနှစ် ကာကွယ်ရေးဘတ်ဂျက်သည် ပြီးခဲ့သည့်နှစ်ကထက် ၂၀ ရာခိုင်နှုန်းမြင့်တက်လာပြီး အမေရိကန်လုပ် Tomahawk ခရုစ် ဒုံးကျည်များတပ်ဆင်ရန်အတွက် ယန်း ၂၁၁ ဒသမ ၃ ဘီလီယံ ပါဝင်သည်။ အဆိုပါ တာဝေးပစ် ဒုံးကျည်များကို စစ်သင်္ဘောများမှတစ်ဆင့် ပစ်ခတ်နိုင်ပြီး ၁၆၀၀ ကီလိုမီတာအဝေးမှပါ ပစ်ခတ်နိုင်ပါသည်။

ကုန်ကျစရိတ်ကြောင့် Tomahawk ဒုံးကျည်များဝယ်ယူရန် အစီအစဉ်သည်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကာ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) သည် တခြားအရာများထက် လက်နက်အသုံးစရိတ်ကို ဦးစားပေးဆောင်ရွက်နေသည်ဟု အတိုက်အခံများက ထောက်ပြသည်။ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ ၁၀ နှစ်ကျော်ကြာ လျစ်လျူရှုခံထားရချိန်တွင် ဒုံးကျည်ဝယ်ယူရန်အသုံးစရိတ်ကို မည်သည့်အတွက် ကြောင့် လျင်လျင်မြန်မြန် အတည်ပြုချက်ရရှိခဲ့ပါသလဲဟု ဂျပန်အတိုက်အခံအမတ်တစ်ဦးက အင်္ဂါနေ့ အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီတွင် မေးမြန်းခဲ့ပြီး နှစ်ခုစလုံးသည် ဂျပန်ပြည်သူများ၏ ဘဝနှင့် အသက်ရှင်သန်မှုအတွက် အရေးကြီးသည်ဟု ကီရှီဒါက ပြန်လည်တုန့်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံသည် ဧပြီလတွင် စတင်မည့် ဘဏ္ဍာရေးနှစ်တွင် အမေရိကန်အားနောက်ထပ် ယန်း ၁၁၀ ဘီလီယံ ပေးချေရမည်ဖြစ်သည်။ ယင်းမှာ Tomahawk ဒုံးကျည်များ ပစ်ရန်လိုအပ်သော ကိရိယာများ၊ ဆော့ဝဲလ်များအပြင် နည်းပညာလွှဲပြောင်းပေးခြင်းနှင့် လေ့ကျင့်ရေးကုန်ကျစရိတ်များဖြစ်သည်။ Tomahawk ၄၀၀ ကို ဝယ်ယူမည်ဟု ကီရှီဒါက တနင်္လာနေ့လွှတ်တော်အစည်းအဝေးတွင် ပြောခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါသည် ဖေဖော်ဝါရီ ၂၈ ရက်က တိုကျိုတွင် ကျင်းပသည့် အောက်လွှတ်တော် ဘတ်ဂျက်ကော်မတီ အစည်းအဝေးတွင် ပြောဆိုနေစဉ်(ဓါတ်ပုံ-အေပီ)

ဂျပန်နိုင်ငံတွင် အောက်လွှတ်တော်သည် အထက်လွှတ်တော်ထက် ပို၍အင်အားကြီးပြီး အောက်လွှတ်တော်တွင် အသုံးစရိတ် အတည်ပြုပေးမှုသည် အထက်လွှတ်တော်တွင် မည်သည့်ဆုံးဖြတ်ချက်မျိုး ချမှတ်သည်ဖြစ်စေ မတ်လကုန်ပိုင်းတွင် အတည်ဖြစ်စေမည်ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။

လာမည့်ဘဏ္ဍာရေးနှစ် ကာကွယ်ရေးအသုံးစရိတ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကြေညာခဲ့သည့် ဂျပန် အမျိုးသားလုံခြုံရေး မဟာဗျူဟာသစ် အစိတ်အပိုင်းတစ်ခုဖြစ်သော ယန်း ၄၃ သန်းတန် ငါးနှစ်ကြာစီမံကိန်း၏ ပထမအရစ်ဖြစ်သည်။ မဟာဗျူဟာသစ်တွင် ရန်သူများ၏ တိုက်ခိုက်မှုကိုကာကွယ်ရေးနှင့် တန်ပြန် တိုက်ခိုက်နိုင်စွမ်းကို တည်ဆောက်ရေးလည်း ပါဝင်သည်။

ယင်းက ဒုတိယကမ္ဘာစစ်တွင် ရှုံးနိမ့်မှုကြောင့် ကာကွယ်ရေးစွမ်းရည်ကိုသာ ထားရှိရမည့် ဂျပန်၏ကတိစကားနှင့် ပတ်သက်၍ အငြင်းပွားဖွယ် ပြောင်းလဲမှုလည်းဖြစ်သည်။ ဂျပန်အစိုးရသည် တရုတ်၊ မြောက်ကိုရီးယားနှင့် ရုရှား တို့မှ ခြိမ်းခြောက်မှုများကို တုန့်ပြန်ရန်အတွက် နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍကို တည်ဆောက်ရန် ကြိုးပမ်း နေခြင်းကြောင့် လာမည့် ငါးနှစ်အတွင်း စစ်အသုံးစရိတ်သည် နှစ်ဆနီးပါး မြင့်တက်လာဖွယ်ရှိသည်။

Source:AP