CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက် လောင်းကစားလုပ်ငန်းနှင့် တရားမဝင် Online ချေးငွေ လုပ်ငန်းများ လုပ်ကိုင်သူ ၇၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နစက-က ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

 ဖမ်းဆီးခံရသူများမှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် FMI CITY၊ ငွေနှင်းဖြူသစ်ခွလမ်း၊ အမှတ် (O-178) နေအိမ်ရှိ TTbet Online Game မှ ၉ ဦး၊ လှိုင်သာယာမြို့နယ်၊ FMI CITY၊ ချင်းတွင်းလမ်းရှိ အိမ် အမှတ်(FG-98)ရှိ Golden Gift(Online ကံစမ်းမဲဖောက် လောင်းကစား လုပ်ငန်း)မှ ၁၉ ဦး၊ FMI CITY၊ ချင်းတွင်းလမ်းရှိ အိမ် အမှတ်(FG-95)ရှိ TTbet Online Game မှ ၁၉ ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ TTbet Online Game လောင်းကစားလုပ်ငန်းနှင့် Golden Gift (Online ကံစမ်းမဲဖောက်လောင်းကစားလုပ်ငန်း)များကို ဦးစီးပြီး စီမံခန့်ခွဲလုပ်ကိုင်နေသူ ရန်နိုင်ကျော်(ခ)အားဖု ကို ဇန်နဝါရီ ၃၀ ရက်က လှိုင်သာယာမြို့နယ်၊ ပန်းလှိုင်အိမ်ရာ၊ ပန်းလှိုင်ကွန်ဒို(D)၊ အခန်းအမှတ်(၁၀၂) ၌ ဖမ်းဆီးရမိခဲ့ ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ရန်နိုင်ကျော်(ခ) အားဖု၏ ထွက်ဆိုချက်အရ ဖေဖော်ဝါရီ ၄ ရက်တွင် လှိုင်မြို့နယ်၊ MICT Park၊ တိုက် အမှတ်(၉)၊ ၄ လွှာရှိ Sky Pay Mobile Financial Services Co.,Ltd. ရုံးခန်းသို့ ဝင်ရောက်ရှာဖွေရာ Money Bag Application၊ Cash Now Application၊ Cola Kyat Application တို့အား အသုံးပြုပြီး တရားမဝင် Online ချေးငွေ လုပ်ငန်းလုပ်ကိုင်နေသည့် မန်နေဂျာ ကျော်ဆန်းလင်း(ခ)အားချန်ပါ ၂၂ ဦးကို လည်းကောင်း၊ ဖေဖော်ဝါရီ ၅ ရက် တွင် စာရင်းကိုင် ကျော်မျိုးအောင်ကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ Online Game လောင်းကစားလုပ်ငန်း၊ Online ကံစမ်းမဲဖောက်လောင်းကစား လုပ်ငန်းနှင့် တရားမဝင် Online ချေးငွေလုပ်ငန်း လုပ်ကိုင်သည့် အမှုပေါင်း ၅ မှုမှ တရားခံ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၇၁ ဦးကို ဖမ်းဆီးခံရမိခဲ့သည်။

ထို့နောက် လက်တော့ ၁၆၄ လုံး၊ လက်ကိုင်ဖုန်း ၁၄၀ လုံး၊ မော်နီတာ ၇ လုံး၊ ပရင်တာ ၂ လုံး၊ System Box ၁ လုံး၊ UPS ၁ လုံး၊ Desktop ၁ လုံး၊ ဆင်းကတ် ၇၄၁ ကတ်၊ ယာဉ်အမှတ် YGN 6s-8888 Mercedes Benz အနက်ရောင် ယာဉ် ၁ စီးနှင့် ယာဉ်အမှတ် YGN 9B-6667 Lexus အနက်ရောင် ယာဉ် ၁ စီးတို့ကို သိမ်းဆည်း ရမိခဲ့သလို အမှုမှ တရားခံများ ပြစ်မှုကျူးလွန်ရာတွင် ဖွင့်လှစ်အသုံးပြုခဲ့သည့် ဘဏ်အကောင့်များနှင့် KBZ Pay၊ Wave Pay အကောင့်တို့ရှိ ငွေကျပ် ၄၈၀၅ သိန်းခန့်နှင့် KBZ Pay အကောင့် ၁၄ ခုတို့အား ယာယီတားဆီး ထိန်းသိမ်းထား ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။