CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

ပြည်သူ့ပါတီသည် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာ ယုံကြည်သက်ဝင်လျှက် နိုင်ငံရေးပါတီ တစ်ရပ် အဖြစ် ဆက်လက်ရပ်တည်မည်ဟု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ပြည်သူ့ပါတီ(PP)သည် ဒုတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ပါတီက “ နိုင်ငံတော်၏ နိုင်ငံရေးပြဿနာအဝဝကို ဖြေရှင်းနိုင်ရန်မှာ ဒီမိုကရေစီရေး၊ ဖက်ဒရယ်အရေး အပေါ်တွင် တစိုက်မတ်မတ် ခိုင်ခိုင်မာမာ ရပ်တည်မည့် နိုင်ငံတော်အဆင့် နိုင်ငံရေးပါတီတစ်ရပ် တည်ရှိရန် လိုအပ်သည်ဟု ယုံကြည်သည်။ ပြည်သူ့ပါတီသည် အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာ ယုံကြည် သက်ဝင်လျှက် နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဆက်လက် ရပ်တည်ရန် ဆုံးဖြတ်သည်”ဟု ပြောထားသည်။

ပြည်သူ့ပါတီသည် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးတွင် ပါဝင်ခဲ့ကြသော အင်အားစုများ၊ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးအတွက် ခေတ် အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြသော မျိုးဆက်အသီးသီးနှင့် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးတို့အတွက် ပူးပေါင်းပါဝင်လိုကြသည့် လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်သော နိုင်ငံရေးပါတီဖြစ်သည်ဟုလည်း ဆိုထားသည်။

၎င်းက “ ရှစ်လေးလုံး အရေးတော်ပုံကြီးသည် တစ်ပါတီစနစ်ကို ချုပ်ငြိမ်းစေခဲ့ပြီး ဗဟုဝါဒ(ပါတီစုံဒီမိုကရေစီ)ကို ဦးတည်နိုင်ခဲ့သည်။ ဆိုရှယ်လစ်စီးပွားရေး စနစ်မှသည် ဈေးကွက်စီးပွားရေးစနစ်သို့ ဦးတည်နိုင်ခဲ့သည်။ ၃၅ နှစ်ကြာ အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ပြီးမှ နောက်ပြန်လေဆာက်ကျခဲ့ရခြင်းသည် နိုင်ငံ ရေး နည်းလမ်းက မှားယွင်းခြင်းကြောင့် မဟုတ်ဘဲ ဘက်အသီးသီးမှ နိုင်ငံရေးဦးဆောင်သူများ၏ ဆုံးဖြတ်ချက် မှားယင်းခြင်းကြောင့် ဖြစ်သည်ဟု ရှုမြင်သည်”ဟု ပြောသည်။

ပြည်သူ့ပါတီ(PP)သည် ၂၀၂၀ ခုနှစ်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့ပြီးနောက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။