CNI International News

ဟောင်ကောင်၊ဖေဖော်ဝါရီ ၂၈

ခေါင်းဖြတ်ခြင်းနှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို အပိုင်းပိုင်းဖြတ်၍ အသတ်ခံခဲ့ရသည့် မော်ဒယ်တစ်ဦး၏ ယောက္ခမနှင့် ခင်ပွန်းဟောင်းတို့ကို ဟောင်ကောင်ရဲတပ်ဖွဲ့က လူသတ်မှုဖြင့် စွဲချက်တင်ခဲ့သည်ဟု အေပီသတင်း တွင် ဖော်ပြသည်။

အသတ်ခံရသူ မော်ဒယ် အက်ဘေချိုင်၏ ခင်ပွန်းဟောင်းဖြစ်သူကို တာဝန်ရှိသူများက စနေနေ့တွင် ဖမ်းဆီးကာ တနင်္ဂနွေနေ့၌ လူသတ်မှုဖြင့် တရားစွဲဆိုခဲ့ကြောင်း ရဲမှူး အလန်ချောင် (Alan Chung) က ပြောသည်။

၎င်းတို့ သားအဖ သုံးဦးကို တနင်္လာနေ့တွင် ရုံးထုတ်မည်ဖြစ်ပြီး ခင်ပွန်းဟောင်း၏ မိခင်ဖြစ်သူကိုလည်း တရားမျှတမှုကို လမ်းလွဲစေမှုဖြင့် တရားစွဲထားသည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသော်လည်း သံသယရှိ သူများ၏ အမည်များကို ထုတ်ပြန်ခြင်းမရှိပေ။

ချိုင်သည် ခင်ပွန်းဟောင်း ၊ သူ၏ မိသားစုတို့နှင့် ဟောင်ကောင် ဒေါ်လာသန်းချီ ပါဝင်သော ငွေကြေးဆိုင်ရာ ပြဿနာများ ရှိနေသည်ဟု ချောင်က အစောပိုင်းတွင် ပြောခဲ့ပြီး သူမ၏ ငွေကြေး စီမံခန့်ခွဲမှုများကို အချို့သော လူများက မပျော်ရွှင်ကြဟုလည်း ပြောခဲ့ဖူးသည်။

ဟောင်ကောင်ကိုတွေ့ရစဉ်

ချိုင်သည် မော်ဒယ်တစ်ဦး၊ ထင်ပေါ်ကျော်ကြားသူ တစ်ဦးဖြစ်ကာ အင်စတာဂရမ်တွင် ဖော်လိုဝါ ၁၀၀,၀၀၀ ကျော် ရှိသည်။ သူမသည် Dior ရှိုးကဲ့သို့ ဖက်ရှင် အခမ်းအနားများကို တက်ရောက်ခဲ့သလို နာမည်ကျော် ဖက်ရှင်မဂ္ဂဇင်း တစ်ခုဖြစ်သည့် L’Officiel Monaco အတွက်လည်း ဓာတ်ပုံ ရိုက်ခံခဲ့သူ ဖြစ်သည်။

ချိုင်သည် ရက်အတန်ကြာ ပျောက်ဆုံးနေခဲ့ကာ သူမ၏ အစိတ်အပိုင်းများ ပြတ်တောက်နေသော ခန္ဓာကိုယ်နှင့် စာရွက်စာတမ်းတချို့ကို ရဲတပ်ဖွဲ့က သောကြာနေ့တွင် ရှာတွေ့ခဲ့သည်။

သူမ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို တိုင်ပို(Tai Po) ရှိ ကျေးရွာတစ်ခုမှ အိမ်တစ်လုံးအတွင်းရှိ ရေခဲသေတ္တာ အတွင်းမှာ ရှာတွေ့ခဲ့သည်။

ချိုင်၏ ဦးခေါင်းဟု ယူဆရသည့် ဦးခေါင်းခွံ တစ်ခုကို တာဝန်ရှိသူများ သိမ်းဆည်းရမိခဲ့သည့် ဟင်းအိုးတစ်ခု အတွင်းတွင် နံရိုးများ၊ ဆံပင်များ၊ တစ်သျှူးများနှင့်အတူ တွေ့ခဲ့ရသည်ဟု စနေနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ချောင်က ပြောခဲ့သည်။

ဒုတိယ ဟင်းအိုးတစ်ခုတွင် လူအရိုး အနည်းငယ်ကိုလည်း တွေ့ခဲ့ရသည်ဟု မှုခင်ဆေးပညာဆိုင်ရာ ရောဂါ ဗေဒပညာရှင်များက ပြောသည်။

ဟောင်ကောင်ရဲ့တပ်ဖွဲ့ ချိုင်ရဲ့ အလောင်းကို ရှာဖွေနေကြစဉ်

ဦးခေါင်းခွံ၏ ညာဘက်တွင် အပေါက်တစ်ခု တွေ့ခြင်းကြောင့် သေဆုံးသူသည် ဆိုးဆိုးရွားရွား တိုက်ခိုက်ခံ ရသည်ဟု ပညာရှင်များက သတ်မှတ်ထားသည်ဟုလည်း ချောင်က ပြောသည်။

ချိုင်သည် ကားအတွင်း၌ ရှိနေစဉ် တိုက်ခိုက်ခံရပြီး သတိလစ်သွားကြောင်း၊ သူမကို အိမ်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း ချောင်က ပြောသည်။

လက်ရှိ အချိန်တွင် ရဲတပ်ဖွဲ့သည် ချိုင်၏ ခန္ဓာကိုယ်မှ ပျောက်ဆုံးနေသော အစိတ်အပိုင်းများနှင့် သူမ၏ သေဆုံးချိန် တိတိကျကျသိရန် ရှာဖွေနေကြဆဲ ဖြစ်သည်။

Source: AP