CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇

မြန်မာနိုင်ငံတွင်  အအောင်မြင်ဆုံးဖြစ်သည့် အသေးစားချေးငွေ လုပ်ငန်းဆောင်ရွက်ခဲ့သော Pact Myanmar (ပက်မြန်မာ) မြန်မာနိုင်ငံကနေ ထွက်ခွာတော့မည်ဟု ကြေညာလိုက်ခြင်းကြောင့်  ဝန်ထမ်းများနှင့် အောက်ခြေ လူတန်းစားများ အခက်တွေ့နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

ပက်မြန်မာသည် ဇွန်လကုန်တွင် မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဖြစ်ပြီး ချေးငွေများကို အတိုးနှင့်အရင်းပါ တောင်းခံတော့မည် မဟုတ်ကြောင်း Pact Myanmar က ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လုပ်ငန်းပိတ်သိမ်းပြီး ထွက်ခွာမှုကြောင့် ဝန်ထမ်းများနှင့် အောက်ခြေလူတန်းစားများ အခက်တွေ့လာနိုင်ကြောင်း၊ ချေးငွေဖြင့် လုပ်ငန်းလည်ပတ်နေရသည့် စားသောက်ဆိုင်များ၊ တောင်သူများလည်း အဆင်မပြေ ဖြစ်လာနိုင်သည် ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ထမ်းများက ပြောသည်။

Pact Myanmar ၏ ထုတ်ပြန်ချက်

စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်က “သက်ရောက်မှုတွေ ရှိလာနိုင်သလားဆိုတော့ ချေးငွေ ချေးတဲ့သူ အတွက်ကတော့ နည်းနည်းတော့ အခက်အခဲ ရှိမှာပေါ့။ ဒါပေမယ့် သူထွက်သွားလည်း နောက် Microfinance တွေ ရှိနေတာပဲလေ။ နောက် Microfinance တွေ အစားထိုးနိုင်တာပေါ့။ ဒါတော့ ပြဿနာ မရှိပါဘူး။ ခက်တာက ပြဿနာက နှစ်ဦးနှစ်ဖက်မှာ ရှိနေတယ်။ နှစ်ဦးနှစ်ဖက်မှာ ရှိတယ်ဆိုတာက ချေးငွေ ချေးပြီးတော့ ပြန်မဆပ်ကြ တာ။ ပြန်မဆပ်ကြတော့ ဘယ်သူမှ ခံနိုင်မှာ မဟုတ်ဘူး။ မြန်မာလူမျိုးတွေကလည်း ချေးတုန်းကချေးတယ်။ ပြန်ဆပ်ဖို့ လုံးဝ တာဝန်မယူဘူး။ ဒါက လက်တွေ့ မျက်မြင်ကိုယ်တွေ့ ပြောလို့ရတယ်။ ရှင်းရှင်းပြောရရင်တော့ ဒါတော့ Image မကောင်းဘူးပေါ့လေ မြန်မာပြည်အတွက်ကတော့။ ရပ်သွားရင်တော့ ဝန်ထမ်းတွေက ဒုက္ခ ရောက်တာပေါ့။ နစ်နာကြေးရလည်း နစ်နာကြေး ၃ လစာ ဘယ်လောက် ထိုင်စားနိုင်မှာလဲ” ဟု CNI သတင်းဌာန သို့ ပြောသည်။

Pact Myanmar သည် ၁၉၉၇ ခုနှစ်တွင် UNDP အစီအစဉ်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက်  ဝင်ရောက်လာ ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် အသေးစား ချေးငွေလုပ်ငန်းအဖြစ် ပြောင်းလဲ၍ ကျေးလက်ဒေသကို အတိုးနှုန်းနည်း ချေးငွေများ ထုတ်ချေးပေးနေခြင်း ဖြစ်သည်။ 

လက်ရှိတွင် တချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် ချေးငွေများ ကောက်ခံရန် အခက်အခဲရှိနေကြောင်း၊ ထိုသို့ ချေးငွေများ ကောက်ခံ၍ မရသည့်အတွက် လုပ်ငန်းများ ဆက်လုပ် ရန်အတွက် အဆင်မပြေကြောင်း၊ ချေးငွေဆပ်သူ နည်းပါးသွားခြင်းကြောင့် လည်ပတ်ရန် အခက်အခဲ ဖြစ်သွား သည်ဟု Pact Myanmar မှ ဝန်ထမ်းဟောင်းတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘာလို့တုန်းဆိုလို့ကျတော့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းနဲ့က ဒီလုပ်ငန်းတွေ လည်ပတ်ဖို့ အဆင်မပြေဘူး လေ။ ပြီးတဲ့အခါကျတော့ လူတွေက အလုပ်အကိုင်တွေလည်း မရှိကြဘူးလေ။ ပြီးတော့ ကုန်ဈေးနှုန်းတွေကလည်း တက်တာနဲ့ သူတို့ရတဲ့ ဝင်ငွေနဲ့ ထွက်ငွေနဲ့က မညီမျှဘူးလေ။ အဲဒါကြောင့် ဘယ်လိုမှ မလည်ပတ်နိုင်ဘူး။ သွား တောင်းလို့ရှိရင်လည်း သူတို့က ပေးမယ်ပေါ့၊ မပေးဘူးလို့လည်း မပြောဘူး၊ ပေးမယ်။ ဘယ်အချိန်ကာလမှာ ပေး မယ်တော့ မသေချာဘူးလေ။ အခုက ပြောရလို့ရှိရင် ရွာတစ်ရွာကို ငွေသွားကောက်တယ်၊ ဒီရွာက မဆပ်ဘူး၊ အဆင်မပြေလို့ မဆပ်ဘူး။ အဲဒါဆိုလို့ရှိရင် အဲဒီသတင်းက နောက်တစ်ရွာကို ကူးသွားတာ။ နောက်တစ်ရွာက လည်း မဆပ်ဘူး။ နောက်တစ်ရွာကလည်း မဆပ်ဘူး။ အဲဒါနဲ့ တစ်နိုင်ငံလုံး အခက်အခဲဖြစ်တာ။ ဒါပေမယ့် သူတို့ လည်ပတ်တယ်ဆိုရင်လည်း ပိုက်ဆံပေးမယ့်သူက မရှိတော့ဘူး။ အချိန်ကုန်တာပဲ ရှိတယ်။ ဝန်ထမ်းတွေမှာ လစာ တွေ တိုးလာတယ်။ ရုံးငှားတဲ့ စရိတ်တွေ တိုးလာတယ်။ အဲလိုမျိုးတွေ များလာတယ်။ income က နည်းသွားပြီ။ အဲဒါဆို သူတို့က မလည်ပတ်တော့ဘူး။ အဲဒီအချိန်မှာ သူတို့က ရပ်လိုက်တာ”ဟု ပြောသည်။

Pact Myanmar မှ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ လုပ်နေစဉ်

ပက်မြန်မာကို အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ အဖွဲ့အစည်းပေါင်း ၅၀ ကျော်၏ ထောက်ပံ့ငွေဖြင့် လည်ပတ်နေခြင်း ဖြစ်ကြောင်း၊ မြန်မာပြည်တွင်လည်း အကျိုးအမြတ် မယူသော အဖွဲ့အစည်းအဖြစ် နိုင်ငံတစ်ဝန်း တွင် ဝန်ထမ်းပေါင်း ၄၀၀၀ ကျော်နှင့် လည်ပတ်နေကြောင်း သိရသည်။

မြန်မာ့စျေးကွက်မှ Pact Myanmar ထွက်ခွာမည့် ရုံးတွင်းစာတွင်လည်း Pact Myanmar (PGMF) အား ဇွန်လ ၃၀ ရက်မှ စတင်ကာ အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ရန် မဖြစ်နိုင်တော့ကြောင်း၊ ထို့ကြောင့် ဆက်လက် လုပ်ဆောင်ပါက တရားမဝင် လုပ်ရမည်ဖြစ်၍ ဝန်ထမ်းများအတွက် အန္တရာယ်ရှိကြောင်း၊ ချေးငွေ လက်ကျန်များကို ခုနှိမ်ပေးမည်ဖြစ်၍ မည်သူမျှ ထိုချေးငွေကို ပြန်လည်ပေးဆပ်ရန် တာဝန်မရှိတော့ ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။