CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၉၇ ပါ ပြဋ္ဌာန်းချက်အရ ပြီးခဲ့သည့် မေလနှင့် ဇွန်လအတွင်းမှာ  နှစ်စဉ် အစီအရင်ခံစာ တင်ပြမှု ပျက်ကွက်သည့် ကုမ္ပဏီ ၁၀၀၀ ဝန်းကျင်ကို မှတ်ပုံတင် စာရင်းကနေ ပယ်ဖျက်လိုက် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

မှတ်ပုံတင် ပယ်ဖျက်မခံရစေရန် ကုမ္ပဏီများအ‌နေဖြင့် Report ပုံမှန် တင်ပေးသင့်ကြောင်း စီးပွားရေးလေ့လာသုံး သပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသက်ဇော်က “ကုမ္ပဏီတွေက လွယ်လွယ်ကူကူ မှတ်ပုံတင်လို့ရတယ်။ လွယ်လွယ်ကူကူ ဖျက်နေတယ်။ အဲလို မျိုးတော့ ရှိတာပေါ့။ ဒါကတော့ အကျိုးဆက်တွေတော့ရှိမှာပေါ့။ Annual ရီပို့စ်ကတော့ မတင်လို့မရဘူးလေ။ အခွန်ရှင်းရမယ်။ ရီပို့စ်တင်ရမယ်။ ကုမ္ပဏီတာဝန်နဲ့ ကုမ္ပဏီစည်းကမ်းနဲ့အညီ ဆောင်ရွက်ရမယ့်ဟာတွေ ရှိတာကို ဗျာ”ဟု ပြောသည်။

မှတ်ပုံတင် စာရင်း ပယ်ဖျက်ခံရသည့် ကုမ္ပဏီအများစုမှာ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းလုပ်ကိုင်သော ကုမ္ပဏီများ အပြင် ဆောက်လုပ်ရေးကုမ္ပဏီများနှင့် ကျောက်မျက်ရတနာကုမ္ပဏီများ ပါဝင်သည်။

သတ်မှတ်ထားသည့် ကုမ္ပဏီစည်းကမ်းအတိုင်း မလိုက်နာပါက သက်ဆိုင်ရာ Dica ၏ အရေးယူ ဆောင်ရွက်မှုကို ခံရနိုင်ကြောင်း၊ ထိုသို့ အရေးယူခံရပါက နစ်နာမှုများ ရှိလာနိုင်ကြောင်း ဦးသက်ဇော်က ပြောသည်။

ရင်းနှီးမြှုပ်နှံမှုကိုတွေ့ရစဉ်

၎င်းက “နစ်နာမှုတွေက ဘာတွေရှိလာနိုင်လဲဆိုတော့ ပိတ်သိမ်းခံရရင်တော့ ကုမ္ပဏီဖျက်ရမှာပေါ့။ ကုမ္ပဏီ စည်းကမ်းက ဒါတွေဒါတွေ လုပ်ရမယ်ဆိုလို့ရှိရင် အိမ်တစ်အိမ်မှာ အိမ်စည်းကမ်း ရှိတယ်လေ။ ကျောင်းဆိုလည်း ကျောင်းစည်းကမ်း ရှိတယ်။ ကုမ္ပဏီဆိုလည်း ကုမ္ပဏီစည်းကမ်းရှိတယ်။ ကုမ္ပဏီစည်းကမ်း မလိုက်နာဘူးဆိုရင် တော့ သက်ဆိုင်ရာ Dica က အရေးယူ ဆောင်ရွက်သည့်အတိုင်း ခံရမှာပေါ့ဗျာ။ အဲတိုင်းမဖြစ်ရင်တော့ ကျနော်တို့ လည်း ကုမ္ပဏီရှိတာပဲဗျာ။ နှစ်စဥ် Annual ရီပို့စ်တက်ရတယ်။ အခွန်တွေကိစ္စ ရှင်းရတယ်။ ဒါကတော့ လုပ်ရမယ်။ ဒါကတော့ ကုမ္ပဏီထောင်ရင်တော့ ကုမ္ပဏီထောင်ရတဲ့ လုပ်ငန်းရဲ့တာဝန်။ အဲဒါကို ပစ်ပယ်ရင်တော့ ကုမ္ပဏီမ ထောင်နဲ့ပေါ့ဗျာ”ဟု ပြောသည်။

ပယ်ဖျက်ခံရသည့် ကုမ္ပဏီအများစုသည် ၂၀၁၀ ခုနှစ် နောက်ပိုင်း မှတ်ပုံတင်ထားသည့် ကုမ္ပဏီများဖြစ်ကြောင်း၊ ပယ်ဖျက် ခံရပြီးနောက်ပိုင်းမှာ ပိတ်သိမ်းသွားကြကြောင်း ရတနာဆိုင် အသိုင်းအဝိုင်းက CNI သတင်းဌာနသို့ ပြောသည်။

နှစ်စဥ် အစီအရင်ခံစာ (AnnualreturnAR)ဆိုသည်မှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ ဖွဲ့စည်း တည်ထောင်ထားသည့် ကုမ္ပဏီအားလုံးသည် ဥပဒေပုဒ်မ ၉၇ အရ Myanmar Companiesonline (Myco)တွင် နှစ်စဥ် အစီအရင်ခံစာ(AnnualreturnAR)ကို ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်း နှစ်စဥ်အနည်းဆုံး တစ်ကြိမ် တင်ပြရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီညွှန်ကြားမှူး ဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှုဦးစီးဌာန ရုံးကိုတွေ့ရစဉ်

အဆိုပါ အစီအရင်ခံစာ မတင်ပြပါက နောက်ကျကြေး ဒဏ်ငွေပေးဆောင်ရသလို ကုမ္ပဏီတစ်ခုလုံး ပယ်ချခံရ သည့် စာရင်းတွင် ပါသွားမည်ဖြစ်ကြောင်း၊ ထို့နောက် ပြန်လည်ထူထောင်၍ မရတော့ကြောင်း  Company Registration Service CRS Consultant မှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ မတင်ဘူးဆိုလို့ရှိရင် ဘယ်လို အနေအထား ဖြစ်လဲဆိုလို့ရှိရင် သတိပေးလွှာပေါ့နော်။ ဒီရဲ့ဖောင်ကို တင်ပါ ဆိုပြီး website ကနေ အစ်မတို့ကို mail ပို့ထားမယ်။ ကုမ္ပဏီမှာ gmail ဆိုတာရှိတယ်။ log in၊ ID password ဆိုတာရှိတယ်။ အဲကနေ ဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ကုမ္ပဏီ mail ကို သူတို့ရုံးကနေပို့တာ တင်ပါဆိုတဲ့ သတိ ပေးစာတွေ ပို့လာတယ်။ အဲစာထဲမှာ ကိုယ်ကမတင်ဘဲ ဆက်ထားမယ်ဆိုလို့ရှိရင် သူတို့က ဖြုတ်ချချင်တဲ့ အချိန် ကျလို့ရှိရင် သူတို့က blacklist ထဲသွင်းလိုက်တာ။ သွင်းတဲ့အခါ ဘာဖြစ်သွားလဲဆိုတော့ ဆိုးကျိုးက အဲဒီကုမ္ပဏီ နာမည်နဲ့ နောက်ထပ် ဆက်လျှောက်လို့လည်း မရတဲ့အပြင်ကို အဲထဲမှာ ပါဝင်တဲ့ ကန်ထရိုက်တာတွေကလည်း ကုမ္ပဏီနာမည်နဲ့ နောက်ထပ် ထူထောင်ခွင့် မရှိတော့ဘူး။ ဆိုကျိုးတွေကတော့ အဲတာပါပဲ”ဟု ပြောသည်။

ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီအများစုသည် နှစ်စဥ်အစီအရင်ခံစာ မတင်ပြနိုင်ခြင်းကြောင့် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီညွှန်ကြားမှူးဦးစီးဌာန(Dica)၏ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ခံရခြင်းများ တဖြည်းဖြည်း များလာခဲ့သလို ကုမ္ပဏီများ ပိတ်သိမ်းသွားခြင်းများလည်း ရှိကြောင်း သိရသည်။