CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆

မန္တလေးတိုင်းဒေသကြီးတွင် စိုက်ပျိုးသည့် စိန်တစ်လုံး သရက်သီးများသည် အထွက်နှုန်းကျသော်လည်း ယခင်နှစ် ကထက် ဈေးကောင်းပိုရခဲ့ကြောင်း သရက်သီးအသင်းက တာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။

ယခုနှစ် စိန်တစ်လုံး သရက်သီး၏ အထွက်နှုန်းသည် ယခင်နှစ်ကထက် အထွက်နှုန်း သိသိသာသာ လျော့ကျသွား ခြင်းကြောင့် ပစ္စည်းရှားပြီး သရက်သီးဈေးကောင်းရခဲ့သည်ဟု မန္တလေးသရက်သီးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ က ပြောသည်။

“ဈေးကွက်က ကောင်းပါတယ်။ ပစ္စည်းတွေ ရှားတယ်လေ။ အရည်အသွေး ကောင်းတာတွေလည်း ရှိတာပေါ့။ မနှစ်ကထက် သုံးပုံတစ်ပုံလောက်ပဲ နည်းသွားတာပါ။ တောင်သူတွေက စိုက်ကြပါတယ်။ ရာသီဥတုကြောင့်လေ။ အထွက်နှုန်း လျော့သွားတာပါ။ အထွက်နှုန်းတွေ အများကြီး လျော့ကျသွားတာပါ။ ပေါ်ဦးပေါ်ဖျားတုန်းက တစ်ထောင်လောက်ကျတယ်။ အခု နောက်ပိုင်းကျတော့ ငါးရာ၊ ခြောက်ရာ၊ ရှစ်ရာလောက် ပေးရပါတယ်။ အရင် က သုံးရာလောက်ပဲ ပေးရတယ်”ဟု ပြောသည်။

မြန်မာ့သရက်သီးကိုတွေ့ရစဉ်

အထွက်နှုန်း ကျဆင်းသွားသော်လည်း ယခုနှစ်မှာ တောင်သူများအတွက် ဈေးကောင်းရခဲ့ခြင်းကြောင့် အကျိုးရှိ ကြောင်း မန္တလေးတိုင်းဒေသကြီးက သဇင်နွယ်သရက်ခြံမန်နေဂျာ ဦးဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “ဈေးကွက် ကောင်းတယ်ဆိုတာ တောင်သူတွေရဲ့ သွင်းအားစုက များတော့လေ စိန်တစ်လုံး သရက်သီး ကလေ ရှားတယ်။ ရှားတော့ နည်းနည်းဈေးကောင်း ရကြတယ် တောင်သူတွေ။ သရက်သီးရာသီက မန္တလေးတိုင်း ကဆိုရင် ငါးလပိုင်း တစ်လပိုင်းပဲ။ မန္တလေးတိုင်းက သင်္ကြန်အပြီး ဧပြီလ တတိယပတ်ကနေပြီးတော့ မေလကုန် ထိပဲထွက်တာ။ အခုနောက်ပိုင်း သရက်သီးတွေက မထွက်တော့ဘူး။ ကုန်သွားပြီ။ ခူးပြီးတော့ အကုန်ရောင်းလိုက် ကုန်ပြီ”ဟု ပြောသည်။

မြန်မာနိုင်ငံမှာ စိန်တစ်လုံး သရက်သီးကို မန္တ‌လေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် စိုက်ပျိုးကြကြောင်း၊ တရုတ်နိုင်ငံနှင့် စင်္ကာပူနိုင်ငံကိုလည်း တင်ပို့ရပြီး ဈေးကွက်တွင် ကျယ် နေသည်ဟု သရက်စိုက်တောင်သူများက ပြောသည်။