CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆

ထိုင်းနိုင်ငံသို့ မြဝတီနယ်စပ်ကုန်သွယ်ရေးမှတဆင့် ပြောင်းတင်ပို့ရာတွင် လိုင်စင်လျှောက်ထားရာ၌ ငွေပေးချေ ထားသည့် ကုမ္ပဏီနာမည်နှင့် ဝယ်ယူမည့်ကုမ္ပဏီနာမည် မတူညီခြင်းနှင့် ပို့ကုန်တင်ပို့ခွင့်ပါမစ် မထုတ်ပေးခြင်းတို့ ကြောင့် ပြောင်းကားအစီးရေ ၅၀၀ ကျော် ရောင်းချခွင့် မရဖြစ်နေသည်ဟု ပြောင်းကုန်သည်များထံမှ သိရသည်။

ပြောင်းကား အစီးရေ ၅၀၀ ကျော်ကို ပြန်လည် တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး က နှုတ်အားဖြင့် သဘောတူထားပြီ ဖြစ်သော်လည်း မူဝါဒအရ လုပ်ထုံးလုပ်နည်း အပိုင်းတွင် ကြန့်ကြာနေမှုများ ရှိနေခြင်းကြောင့် လက်ရှိအချိန်ထိ တင်ပို့ခွင့် မရသေးကြောင်း မြဝတီပြောင်းကုန်သည်တစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။

၎င်းက “အခုက လုပ်ပေးမယ်လို့ ပြောတယ်။ လက်ရှိက မူဝါဒအရ ဖြေလျှော့ပေးပေမယ့် လုပ်ထုံးလုပ်နည်းအရ ကြန့်ကြာနေတာ။ ဖြေလျှော့သော်လည်း လုပ်ထုံးလုပ်နည်းအရ မပြီးဘူးဖြစ်နေတယ်။ သွားလို့မရတော့ အဲဒီအစီး ၅၀၀ လုံးက မြဝတီမှာ အကုန်လုံး တိုင်ပတ်နေကြတယ်။ တုံ့ဆိုင်းနေကြတယ်။ တွေ့တဲ့ဂိုဒေါင်တွေမှာ လိုက်ချပေါ့။ ချပြီး စောင့်နေရတာပေါ့။ အစီးရေ ၅၀၀ ဆိုတော့ တန်ချိန် ၁၆၀၀၀ လောက် ရှိမှာပေါ့။ လက်ရှိကာလပေါက်ဈေး ဆို အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ သန်းလောက် ရှိတယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံကို ပြောင်းတင်ပို့ရန် ပို့ကုန်ပါမစ် မထုတ်ပေးသည့်အတွက် ဇွန်လ ၁၆ ရက်နေ့မှ ယနေ့ အချိန်ထိ ပြောင်းတင်ပို့မှု ရပ်တန့်နေရကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပို့ကုန်လိုင်စင် မူဝါဒအရ ပြည်ပမှ ဝယ်ယူမည့် ကုန်သည်က ကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းကို ငွေကြိုလွှဲပြီးမှ ပို့ကုန်တင်ပို့သည့် စနစ်ဖြစ်သော်လည်း တစ်ဖက်နိုင်ငံမှ ကုန်သည်များက လိုင်စင်မရသေးသည့် ကုန်စည်အတွက် ငွေကြိုလွှဲပေးခြင်း မရှိကြောင်း ကုန်သည်များထံမှ သိရသည်။

မြန်မာ့ပြောင်းဖူးကို တွေ့ရစဉ်

ထို့ကြောင့် မြန်မာပို့ကုန် လုပ်ငန်းရှင်များက ငွေအရင်စိုက်ထုတ်၍ လိုင်စင်ရရှိရေး လုပ်ဆောင်ရခြင်းကြောင့် ငွေလွှဲထားသည့် ကုမ္ပဏီနှင့် ကုန်စည်ဝယ်ယူမည့် ကုမ္ပဏီနာမည် လွဲမှားသွားခြင်း ဖြစ်သွားသည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပို့ကုန်မူဝါဒအရ တစ်ဖက်နိုင်ငံကနေ ဝယ်မယ့်သူကနေပြီးတော့ ပိုက်ဆံပေးပြီးတော့ ပိုက်ဆံရပြီဆိုတော့မှ ဒီဘက်ကနေ ကုန်ရောင်းရတယ်။ ဒါပေမယ့် မြေပြင်မှာက ဘယ်သူမှ အဲဒီလို ဝယ်တာမျိုးက ရှားတယ်။ မြန်မာ နိုင်ငံက ကုန်တော်တော်များများက တစ်ဖက်နိုင်ငံက ကြိုတင်ငွေ ပေးပြီးတော့ ဝယ်ယူတာမျိုးက မရှိသလောက်ပဲ။ အဲဒီတော့ ဘာလုပ်ရလဲဆိုတော့ ကိုယ့်ပစ္စည်း ရောင်းချတဲ့အတွက်ကြောင့် ဟိုဘက်မှာရှိတဲ့ ထိုင်းပဲဖြစ်ဖြစ်၊ တရုတ် ပဲဖြစ်ဖြစ်၊ တခြားနိုင်ငံ တစ်နိုင်ငံပဲဖြစ်ဖြစ် အဓိကတော့ နယ်စပ်ဆိုတော့ ထိုင်းနဲ့ တရုတ်နဲ့ပေါ့နော်။ 

အဲဒီဘက်မှာ ရှိတဲ့ အဆင်ပြေတဲ့ ကုမ္ပဏီတစ်ခုကနေပြီးတော့ ဒီဘက်က ရောင်းချင်တဲ့ကုန်သည်က ကိုယ့်ပိုက်ဆံနဲ့ကိုယ် နိုင်ငံတော်က သတ်မှတ်ထားတဲ့ ဒေါ်လာပဲဖြစ်ဖြစ်၊ ဘတ်ပဲဖြစ်ဖြစ်၊ ယွမ်ပဲဖြစ်ဖြစ်ကို လဲ။ လဲပြီးတော့ အဲဒီဘက် ကနေ ဒီဘက်အကောင့်ထဲကို ဟိုဘက်က ကုမ္ပဏီကို ထည့်ခိုင်းလိုက်တာ။ ထည့်ခိုင်းလိုက်တာ လိုင်စင်ရရှိရေးကို။ ထည့်ခိုင်းပြီးတော့ လိုင်စင်ရပြီဆိုတော့မှ ပစ္စည်းပို့၊ ပို့ပြီးတော့မှ ဟိုဘက်ရောက်တဲ့ အခါကျတော့ ကိုယ်အဆင်ပြေ တဲ့ တခြားကုမ္ပဏီတစ်ခုပေါ့ တကယ်တမ်း ပြောင်းဝယ်ကြတဲ့ ကုမ္ပဏီပေါ့နော်။ အဲဒါကို ရောင်းကြတာပေါ့။ အဲဒါ ကို ဟိုဘက်က ငွေသွင်းပေးတဲ့ ကုမ္ပဏီကိုပဲ ရောင်းချခွင့် ပြုမယ် အဲဒီလို ဖြစ်လာတာ ပြဿနာ။ ဒီဘက်ကို ပိုက်ဆံ ထည့်ထားတာ ဒီကုမ္ပဏီဖြစ်လို့ ဒီကုမ္ပဏီကိုပဲ ရောင်းရမယ်လောက်ထိကျတော့ လုပ်ရကိုင်ရတာ နည်းနည်း ခက် သွားတာ။ ဒါပေမယ့် အဲဒါကို ဖြေလျှော့တယ်လို့လည်း ပြောတယ်။ တရားဝင်တော့ စာထုတ်မလား မသိသေးဘူး” ဟု ပြောသည်။

ပြောင်းဖူး၀ယ်နေစဉ်

ငွေကြိုလွှဲထားသည့် ကုမ္ပဏီကိုသာ ပြောင်းကို ရောင်းချရမည် ဖြစ်သည့်အတွက် ယင်းကုမ္ပဏီမှ ပြောင်းဈေးကို လျှော့ချနေမှုများ ရှိနေကြောင်း၊ ထို့နောက် ပြောင်းဈေးသည် ထပ်မံ၍ တက်လာနိုင်ခြေ နည်းပါးကြောင်း ပြောင်းကုန်သည်များက ပြောသည်။

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ခွင့် သတ်မှတ်ထားသည့် ကာလသည် ဩဂုတ် ၃၁ ရက်နေ့ အထိသာ ဖြစ်သည့်အတွက် ယင်းကာလအတွင်း လိုင်စင်ပြန်လည် လျှောက်ထားမှုများ မြန်မြန်ဆန်ဆန် ရရှိရန် လိုအပ်သည်ဟု ပြောင်းကုန်သည်များက ပြောသည်။