CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆

ထိုင်း၌ ဈေးရောင်းအလုပ်ကို လုပ်ကိုင်နေသည့် နိုင်ငံခြားသား ရွှေ့ပြောင်း လုပ်သားများအား ဝင်ရောက် စစ်ဆေးဖမ်းဆီးမှု သည် လတ်တလောတွင် ပိုမိုများပြားလာကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

၎င်းမှာ ယင်းတို့၏ နိုင်ငံသားများ အလုပ်အကိုင်ရှားပါးမှုမရှိစေရန် ရည်ရွယ်၍ ဖမ်းဆီးခြင်းဖြစ်သည်။

ထိုသို့ဈေးရောင်းခြင်းသည် နိုင်ငံခြားသားရွှေ့ပြောင်းများအား တားမြစ်ထားသည့်အလုပ်အကိုင်ဖြစ်ပြီး မြန်မာ ရွှေ့ပြောင်း လုပ်သားများထဲတွင် ယင်းကဲ့သို့ ဈေးရောင်းချခြင်းများပြုလုပ်သူများမှာ တရားမဝင် အထောက်အထားမဲ့များထက် တရားဝင် အထောက်အထားရှိသူများက ပိုမိုလုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တရားဝင်ရွှေ့ပြောင်းအလုပ်သမားများပါတယ် အဲဒီဈေးရောင်းတာတွေက။ သူကလက်မှတ်ရှိမှ ထွက်ရောင်းရဲတာ ကို။ တခါတလေအဖမ်းအဆီးများရင် သူတို့က ဒီဟာကြီးကို ပစ်ထားပြီးတော့မှ ကိုယ်လွတ် ရုန်းတယ် ရှောင်တယ်။ အပြင်မှာ သွားစစ်တော့ သူနဲ့မသက်ဆိုင်တဲ့ပုံစံဖြစ်ရင် ဒီဆိုင်ကိုလည်း သူက လက်မခံဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ဈေးရောင်း တာက ရောင်းခွင့်မပြုလို့ တကယ်တရားစွဲမယ်ဆိုရင် ဒဏ်ငွေက ဘတ် ငါးထောင်ကနေ ငါးသောင်းအထိ ရှိတယ်လေ အလုပ်သမားက။ တကယ်လို့ ထိုင်းအလုပ်ရှင် သူဌေးတစ်ဦး တစ်ယောက်ကိုပါ အမည်ခံထားပြီး သူ့ကို တရားစွဲမယ်ဆိုရင် တော့ ဒီထိုင်းအလုပ်ရှင်သူဌေးက မြန်မာထက်ကို ပိုတယ်ပေါ့။ တော်တော်များများ ဈေးရောင်းတာကတော့ အထောက်အထား ရှိတဲ့သူတွေပဲ များပါတယ်။ နိုင်ငံခြားသားတွေကို စစ်ဆေးတာတွေ ပိုများလာတယ်ပေါ့။ 

အထူးသဖြင့်ကတော့ မြန်မာနဲ့ ကမ္ဘောဒီယား (ကန်ဘူးချား)တွေ အဖမ်းခံရပြီးတော့ အစုလိုက်အပြုံလိုက် ပြည်တော်ပြန်အဖြစ်နဲ့ ပို့တာတွေလည်း ရှိတယ်။ ကန်ဘူးချားဆိုရင် လွန်ခဲ့တဲ့နှစ်ပတ်လောက်ကဆိုရင် တော်တော်များများ ပြန်ပို့ခြင်းခံရတယ်” ဟု ပြောသည်။

ဒူးရင်းသီးနှင့် သီးစုံဖျော်ရည်ရောင်းချသည့် နိုင်ငံခြားသားရွှေ့ပြောင်းလုပ်သားများကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးစစ်ဆေးနေစဉ်

ထိုသို့ဈေးရောင်းခြင်းသည် နိုင်ငံခြားသားရွှေ့ပြောင်းများအား တားမြစ်ထားသည့် အလုပ်အကိုင်ဖြစ်သောကြောင့် ဥပဒေ ချိုးဖောက်သည့် ရွှေ့ပြောင်းလုပ်သားများအား တားဆီးစစ်ဆေးနှိမ်နင်းရန်အတွက် အထူးစစ်ဆင်ရေးများ ပြုလုပ်ရန် အမိန့် ထုတ်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရှာဖွေစစ်ဆေးလာခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဈေးများ၊ တက္ကသိုလ်ကျောင်းဝန်းများ အစရှိသည့်နေရာများတွင် ယိုးဒယားအကင်များ၊ အအေးနှင့်အသီးအနှံ ရောင်းချ  သူများ၌ ၃ ပုံ ၁ ပုံခန့်သည် မြန်မာနိုင်ငံသားများဖြစ်ကြောင်းနှင့် ထမင်း၊ ဟင်းများ ရောင်းချရာတွင်လည်း ထိုင်းနိုင်ငံသား များထက် ဈေးပိုသက်သာသောကြောင့် မြန်မာနိုင်ငံသားများအချင်းချင်း ဝယ်စားကြကြောင်း သိရသည်။

ထိုအခြေအနေများကြောင့် ထိုင်းနိုင်ငံသားများ၌ အလုပ်အကိုင်ရှားပါးမှုများကြုံတွေ့နေကြရကာ တိုင်ကြားမှုများ ပြုလုပ်သည်အထိ ဖြစ်လာကြကြောင်းလည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။

ဈေးရောင်းသွားရန်ပြင်ဆင်နေသည့် ရွှေ့ပြောင်းလုပ်သားများအား သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးနေစဉ်

Labour Right Foundation (LRF) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအောင်ကျော်က “ထိုင်းအစိုးရမှာက မြန်မာနိုင်ငံ အလုပ်သမားဥပဒေနဲ့ မတူညီတာတွေက ဒီမှာက တော်တော်တိတိကျကျ ခိုင်ခိုင်မာမာ ပြဋ္ဌာန်းထားတယ်။ ဒီအလုပ် တွေလုပ်ရမယ်၊ ဒီအလုပ်ပြင်ပအလုပ် ခွင့်မပြုထားတဲ့အလုပ်ကို လုပ်တယ်ဆိုရင် ဥပဒေအရ အရေးယူခံရမယ် ဆိုတဲ့ ဥပဒေက နဂိုကတည်းက ရှိတဲ့ဥပဒေတွေ။ သို့သော် နှစ်ပေါင်းများစွာ ဘယ်လိုပဲဥပဒေတွေ ပြဋ္ဌာန်းထား ပြဋ္ဌာန်းထား ထိုင်းနိုင်ငံ အနေကြာသွားတဲ့ ကမ္ဘောဒီးယားတို့၊ လာအိုတို့၊ ဗီယက်နမ်တို့၊ မြန်မာတို့က ဘာသာစကားလေးတွေ ကျွမ်းကျင်လာတဲ့ အခါမှာ ကန့်သတ်ထားတဲ့ အလုပ်အကိုင်တွေကို စီးပွားရေးအရ ပိုမိုအဆင်ပြေမယ် ထင်ပြီးမှ လက်တွန်းလှည်းလေးတွေနဲ့ အသီးအနှံတွေ လိုက်ရောင်းတာတို့၊ ဈေးရောင်းတာတို့၊ ဆံပင်ညှပ်တာတို့ ဒါတွေက ထိုင်းအစိုးရက လုံးဝခွင့်ပြုထားတာ မဟုတ်ဘူး။ ထိုင်းပြည်သူတွေက ပိုသိတာပေါ့ ထိုင်းဥပဒေတွေအားလုံးကို။ သိတဲ့အတွက်ကြောင့် ဘယ်နေရာမှာတော့ ရွှေ့ပြောင်း နိုင်ငံခြားသားတို့က ဥပဒေအရ ကန့်သတ်ထားတဲ့ အလုပ်အကိုင်တွေကို လုပ်ကိုင်နေတာ တွေ့ရပါတယ်လို့ ပြောလိုက်တာနဲ့ အကြောင်းကြားလိုက်တာနဲ့ စစ်ဆေးမှာပဲ။ ဥပဒေကိုက ခိုင်ခိုင်မာမာ ပြဋ္ဌာန်း ထားတယ်။ မလုပ်ရဘူး လို့ပြောတယ် လုပ်နေတယ်။ လုပ်နေတော့ ထိုင်းပြည်သူတွေကလည်း သူတို့မှာ အလုပ်အကိုင်က ရှားပါးလာတဲ့အခါမှာ တိုင်တန်းတာတွေရှိတယ်။ ထိုင်းပြည်သူ တိုင်တန်းရင် သူ့အစိုးရက လေးစားရတယ်။ ချက်ချင်း စစ်ဆေးဖမ်းဆီး အရေးယူ လုပ်ပေးရတယ်” ဟု CNI  သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများအား တားမြစ်ထားသော အလုပ်အကိုင်များကို လုပ်ကိုင်ပါက ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သောကြောင့် မြန်မာအပါအဝင် ၎င်းရွှေ့ပြောင်းလုပ်သားများသည် အပြစ်ရှိကြောင်း  ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ထောက်ပြကြသည်။

ထို့အပြင် အထောက်အထားရှိသူများအနေဖြင့် စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်လုပ်ကိုင်ကြရာတွင် အချိန်ပိုကြေးများနှင့် အခြေခံလုပ်အားခတို့မှာ အဆင်ပြေကြသည့်အတွက် ယခုကဲ့သို့ တားမြစ်ထားသည့် အလုပ်အကိုင်များ လုပ်ကိုင်ခြင်းသည် ငွေကြေးအဆင်မပြေမှုကြောင့်ဟု မသုံးသပ်ကြောင်းလည်း ၎င်းတို့က ပြောသည်။