CNI International News

ဘန်ကောက်၊ ဇွန်လ ၂၃

ဖုန်းဖြင့်ဆက်သွယ်လိမ်လည်မှုပြုလုပ်ရာအဖွဲ့ခေါင်းဆောင်ဟု ယူဆရသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် Crown Property Bureau နှင့် ဆက်နွယ်မှုရှိသည်ဟုပြောကာ ရွှေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံစေခြင်းဖြင့် လိမ်လည်မှု ပြုလုပ်နေသူ ၁၀ ဦးခန့်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
 
လူလိမ်များသည် ၎င်းတို့၏ Royal Gold ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို လာအိုရွှေတြိဂံဒေသရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော Kings Romans ကာစီနိုတွင် အခြေစိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ ဘတ်သန်း ၅၀၀ ခန့် လိမ်လည်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့၏ နည်းပညာရာဇဝတ်မှုဆိုင်ရာအဖွဲ့ခွဲ (TCSD) က ပြောသည်။ ဂိုဏ်းခေါင်း ဆောင်အဖြစ် စွပ်စွဲခံထားရသည့် အသက် ၃၂ နှစ်အရွယ် တရုတ်နိုင်ငံသား တန်ဂျွန် (Teng June) ကို ဘန် ကောက်မြို့ ဘန်ခွန်သီယန် (Bang Khunthian) ခရိုင်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု TCSD ၏ တပ်မှူးဖြစ်သူ ဗိုလ်ချုပ်ကြီး အာသစ်ပေါင်ဆီဝါပိုင် (Athip Pongsiwapai) က ကြာသပတေးနေ့တွင် မီဒီယာများကို ပြောခဲ့သည်။ 

မကြာသေးခင် ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသားကိုးဦးနှင့် နိုင်ငံမဲ့အမျိုးသမီးတစ်ဦးတို့ကိုပါ ချင်းရိုင် (Chiang Rai) နှင့် ချန်သာဘူရီ (Chanthaburi) ပြည်နယ်များတွင် ဖမ်းဆီးခဲ့သည်ဟုလည်း ၎င်းကပြောသည်။ အဆိုပါ ဂိုဏ်း ခေါင်းဆောင်နှင့် ၎င်း၏အဖွဲ့သားများထံမှ ဖမ်းဆီးရမိမှုများတွင် ဇိမ်ခံကား သုံးစီး၊ ဘတ်ငွေ ၅ သန်းဖိုးရှိ ငွေသား များ၊ ရွှေထည် အမျိုး ၃၀၊ နာရီများ၊ နာမည်ကြီးအိတ်များ၊ ကွန်ပြူတာများ၊ ဖုန်းများနှင့်ဆင်းကဒ်များ၊ ဘဏ် စာချုပ်များနှင့် ရွှေနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအပြင် တခြားသောအရာများပါ ပါဝင်နေသည်ဟုလည်း သိရသည်။ 

လူလိမ်ခေါင်းဆောင် တရုတ်နိုင်ငံသားတစ်ဦး၏နေအိမ်မှာ မာစီဒီးကားတစ်စီးကို တွေ့ရစဉ်(ဓါတ်ပုံ-ဘန်ကောက်ပို့စ်)

ဖမ်းခံထားရသူအားလုံးကို လိမ်လည်မှု၊ ကွန်ပြူတာစနစ်အတွင်း သတင်းအမှားထည့်သွင်းမှု၊ ငွေကြေးခဝါချမှု တို့ဖြင့် တရားစွဲဆိုထားကာ ဥပဒေအရ အရေးယူရန် ထိန်းသိမ်းထားသည်။ မသမာသူတစ်စုသည် ယင်း၏နာမည် ကို အသုံးပြုကာ ရွှေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ကြော်ငြာသော Royal Gold ဆိုသည့် ဝက်ဘ်ဆိုဒ်တစ်ခုကို ဖွင့်လှစ်ထားသည်ဟု Crown Property Bureau က အစောပိုင်းတွင် ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ခဲ့သည်။ ၎င်းသည် တော်ဝင်မိသားစု၏ ပိုင်ဆိုင်မှုများကိုစီမံခန့်ခွဲမှု လုပ်သည်။ 

ယခုနှစ် ဇန်နဝါရီမှ မေလအတွင်း လူများသည် လိမ်လည်ခံခဲ့ရကာ ဘတ်သန်း ၅၀၀ ခန့်ဆုံးရှုံးခဲ့ရသည်ဟု ဗိုလ်ချုပ်ကြီး အာသစ်က ပြောသည်။ အဆိုပါ လိမ်လည်မှုများကို တန်ကဦးဆောင်ကာ ယင်းတို့သည် Kings Romans ကာစီနိုဝန်းအတွင်း ရုံးထိုင်သည်ကိုလည်း TCSD မှ တွေ့ခဲ့ရသည်။ 

သတင်းစာ ရှင်းလင်းပွဲကို တွေ့ရစဉ်

တရုတ်နိုင်ငံသားသည် လိမ်လည်မှုများကို ဦးဆောင်ကာ အလိမ်ခံရသူများက လွှဲပေးသော ပိုက်ဆံများကို လက်ခံရန်ဘဏ်အကောင့်ဖွင့်လှစ်ခြင်းကဲ့သို့လုပ်ငန်းများကို လုပ်ဆောင်ရန် တခြားသူများကိုခိုင်စေခြင်း၊ ဘဏ်အကောင့်ဖွင့်ရန် လူငှားခြင်းများကို ညွှန်ကြားခဲ့ပြီး တချို့သောအဖွဲ့ဝင်များသည် ငွေကြေးခဝါချမှုများကို လုပ်ဆောင်ခဲ့သည်။ အဖွဲ့ဝင်များသည် ကြည့်ပျော်ရှုပျော်ရှိသော အမျိုးသမီးများ၏ ဓာတ်ပုံများကို သုံးကာ ဖေ့စ်ဘွတ်အကောင့်တုများလည်း ဖွင့်ခဲ့သည်ဟု TCSD ၏ လက်ထောက်ခေါင်းဆောင်က ပြောသည်။ 

Source:Bangkokpos