CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၃

ဘုံရန်သူများကို တိုက်ခိုက်နေချိန်တွင် ရက္ခိုင့်တပ်တော် (ULA/AA) နှင့် ချင်းလက်နက်ကိုင် တပ်ဖွဲ့များအကြား တစ်ဖက်နှင့်တစ်ဖက် ပဋိပက္ခမဖြစ်ရန် လိုအပ်ကြောင်း ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိကာလမှာ စစ်ရေးကာလဖြစ်ကြောင်း၊ ရခိုင်တပ်နှင့် ချင်းတပ်များအကြား လက်တွဲ‌ဆောင်ရွက်ရမည့် အချိန်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးဖေသန်းက “ဒါကို ဖြေရှင်းစရာ မဟုတ်ဘူးလို့ မြင်တယ်၊ ဒီအချိန်မှာ စစ်ရေးကာလလေ၊ သူတို့ ပလက်ဝနယ် ကို ULA/AA က အပိုင်သိမ်းသွားမှာတို့နော် တချိန်ချိန်ထဲမှာ ရခိုင်ပြည်ထဲကို ပလက်ဝကို ဆွဲသွင်းမှာတို့ အဲဒီအချိန် အခါမျိုးမှာ ULA/AA က အဲဒီလို လုပ်လာတဲ့ အခါမျိုးတော့ သူတို့ဖက်က ဒီမေးခွန်းကို မေးသင့်တာပေါ့၊ အခုချိန်မှာ ဘုံရန်သူကို တိုက်ပွဲဝင်နေတဲ့ ကာလမျိုးမှာ ဘယ်ဒေသမှာမဆို တစ်ယောက်ကိုတစ်ယောက် ပြဿနာရှာဖို့ထက် ပိုပြီးတော့တောင်မှ လက်တွဲပြီး ဆောင်ရွက်သင့်တဲ့ အချိန်အခါမျိုးပေါ့၊ ဒီရဲ့အကျိုးဆက်က ချင်းပြည်နယ်ဖက်က ပလက်ဝနယ်ကို ရခိုင်ကို ထုတ်သွားမယ်၊ ဖဲ့ထုတ်ယူသွားမယ်ဆိုတဲ့ ခံစားချက်မျိုး မထားသင့်တဲ့ အချိန်ဖြစ်တယ်၊ အဲဒီလို ဖြစ်လာမယ်ဆိုရင်တော့ တချိန်ချိန်မှာ အဲဒီလို စိုးရိမ်ကြောင်းကြမှုတွေရှိရင်တော့ ဖြေရှင်းရမယ့် ကိစ္စတွေ ဖြစ်တယ်၊ အခုနေမှာတော့ ရခိုင်ကပဲ ချင်းပြည်နယ် ချင်းတပ်တွေနေနေ၊ ချင်းပြည်နယ်မှာပဲ ရခိုင်တပ်တွေနေနေ ဘာပြဿနာမှ မဟုတ်ဘူး။ အဓိကတော့ တစ်ဖက်နဲ့ တစ်ဖက် ပဋိပက္ခမဖြစ်ဖို့ပဲ လိုတယ်လို့ မြင်ပါတယ်” ဟု  ပြောသည်။

ပလက်ဝမြို့ကို တွေ့ရစဉ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သည် စစ်ရေးအရ ULA/AA အတွက် အရေးပါသောကြောင့် ခြေကုတ်ယူထားခြင်း ဖြစ်ကြောင်း၊ ယခင် ULA/AA စတင်လှုပ်ရှားစဉ်ကတည်းက တည်ရှိခဲ့ကြောင်း ၎င်းက‌ ပြောသည်။

လက်ရှိတွင် တပ်မတော်နှင့် ချင်းလက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည်ကို အခွင့်ကောင်းယူ ကာ ချင်းပြည်နယ် အလယ်ပိုင်းသို့ ULA/AA တပ်ဖွဲ့များ ခြေကုတ်ယူလာကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်၍ CNI အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

အာရကန်ပြည် မထူထောင်ခင် ယာယီအနေဖြင့် ခြေကုတ်ယူထားခြင်းဖြစ်သည်ဟု ULA/AA ခေါင်းဆောင်များမှ ပြောကြားထားကြောင်း၊ ၎င်းကိစ္စအတွက် ပြဿနာမရှိကြောင်း ပလက်ဝမြို့နယ်မှ ချင်းတိုင်းရင်းသားတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီလိုဖြစ်ရင် လွယ်လွယ်လေးပါ၊ လွယ်လွယ်လေးပဲလေ၊ သူက အစကပြောတယ်လေ၊ ချင်းပြည်နယ်ကို သူတို့ ရခိုင်ပြည်နယ် မတည်ထောင်ခင် အာရကန်ပြည်နယ် မတည်ထောင်ခင် ခဏလေးပဲ ခြေကုတ်ယူတယ်လို့ သူပြောတယ်လေ၊ ခြေကုတ်ယူတယ်ဆိုတော့ ခြေကုတ်သဘောမျိုးပဲ ထားလိုက်ပေါ့၊ သူတို့က အာရကန် တည်ထောင်တဲ့ အချိန်မှာ ကျနော်တို့က ဒီကနေ တပ်တွေ ပြန်ဆုတ်ခွာတယ်ဆိုရင် ပြီးသွားပြီလေ၊ ဘာမှ ထူးထူး ထွေထွေ မရှိပါဘူး” ဟု ပြောသည်။

 ပလက်ဝမြို့နယ်အတွင်းက ကုလားတန်မြစ်ကြောင်းကိုတွေ့ရစဉ်

လက်ရှိ ပလက်ဝမြို့နယ်တွင် ချင်းလက်နက်ကိုင် တပ်ဖွဲ့များမရှိကြောင်း၊ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ ထိန်းချုပ်နယ်မြေသာရှိကြောင်း ၎င်းက ပြောသည်။

ရက္ခိုင့်တပ်တော် (ULA/AA) ကို ၂၀၀၉ ခုနှစ်၊ ဧပြီလအတွင်းက စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး စတင်စဉ်ချိန် ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ခြေကုတ်ယူပြီး ရခိုင်ပြည်နယ်အတွင်း စတင်ထိုးဖောက် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ULA/AA နှင့် တပ်မတော်တို့  ၂ နှစ်နီးပါး ရပ်နားထားသည့် တိုက်ပွဲမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်းက တကျော့ပြန် ဖြစ်ပွားခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်နှင့် AA တို့သည် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံလူထု၏ ဆုံးရှုံးနစ်နာမှုကို ထောက် ထား၍ နှစ်ဖက် အဖွဲ့အစည်းကြား နားလည်မှုယူကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က စတင်ပြီး တိုက်ပွဲများ ရပ်စဲကြောင်း သဘောတူညီမှု ယူခဲ့ကြသည်။