CNI International News

ဘန်ကောက်၊ ဇွန်လ ၂၃

ပါတီသည် ညွန့်ပေါင်းမဟာမိတ်များထက် ပါတီဝင်များ၏ အမြင်ကို ပို၍ အလေးထားကြောင်းနှင့် ဖြူးထိုင်း(Pheu Thai)ပါတီဝင် အများစုသည် လွှတ်တော်ဥက္ကဋ္ဌ ရာထူးကို ရယူလိုနေကြောင်း ဖြူးထိုင်းပါတီခေါင်းဆောင်က ပြော သည်။  

သို့သော် ဖြူးထိုင်းအနေဖြင့် မည်သည့်ပါတီသည် ထိုရာထူးကို ရယူသင့်သည်ဟူသည့် ပါတီ၏ တရားဝင် ရပ်တည် ချက်ကို မချမှတ်ရသေးဟုလည်း ပါတီခေါင်းဆောင် ချိုနန် သီရိကော (Cholnan Srikaew) က ပြောသည်။

ဖြူးထိုင်းပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော်အတွင်း နေရာ ၁၄၁ နေရာ အနိုင်ရရှိခဲ့ပြီး ရွေးကောက်ပွဲ အနိုင် ရရှိခဲ့သည့် Move Forward ပါတီက နေရာ ၁၅၁ နေရာ အနိုင်ရသည်။ 

တခြားသော ညွန့်ပေါင်းပါတီ ခြောက်ခုပေါင်းသည် နေရာ ၂၂ နေရာသာ ရှိသည်။ 

ဖြူးထိုင်းနဲ့ Move Forward ပါတီခေါင်းဆောင် ၂ ဦးကိုတွေ့ရစဉ်

လွှတ်တော်ဥက္ကဋ္ဌ ရာထူးသည် ဖြူးထိုင်းပါတီ အတွက်သာဖြစ်သည်ဟု ပါတီဝင် အများစုက ယူဆထားကြောင်း  ချိုနန်က ပြောသည်။ 

ဖြူးထိုင်းသည် တခြားသော ပါတီများ၏ သဘောဆန္ဒကို အလေးထားကြောင်း၊ နံပါတ်တစ် ဦးစားပေးမှာ အာဏာ လွှဲပြောင်းပေးမည့် သူများဖြစ်ကြောင်း၊ နံပါတ်နှစ်မှာ ပါတီဝင်များနှင့် ပါတီ၏ ရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြစ်ကြောင်း၊ နောက်ဆုံးတစ်ခုမှာ ညွန့်ပေါင်းပါတီများ ဖြစ်သည်ဟုလည်း ချိုနန်က ပြောသည်။ 

လက်ရှိအချိန်အထိ ပါတီဝင်များနှင့် ပါတီ၏ အမတ်များသည် လွှတ်တော်ဥက္ကဋ္ဌ ရာထူးနှင့်ပတ်သက်၍ ယတိပြတ် မဆုံးဖြတ်ရသေးကြောင်း၊ ပါတီအနေဖြင့်လည်း ထိုကိစ္စ ထိန်းချုပ်၍ မရတော့သော အခြေအနေသို့ ရောက်ရှိသွား ခြင်းကို တားဆီးရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းလျက်ရှိကြောင်းလည်း ၎င်းက ပြောသည်။

ပါတီဝင်များအနေဖြင့် ပါတီစာရင်းဝင် လွှတ်တော်အမတ် ဆူချက်တန်ချာရွန် (Suchart Tancharoen)အား ဥက္ကဋ္ဌ အဖြစ် အဆိုပြုနိုင်ဖွယ် ရှိပါသလားဟု မေးမြန်းခဲ့ရာတွင် ပါတီဝင်များ အနေဖြင့် အဆိုပြုရန် အခွင့်အရေး ရှိသည် ဟု ချိုနန်က ဖြေကြားသည်။ 

ဆူချက်သည် ၂၀၁၉ ရွေးကောက်ပွဲ ပြီးချိန်တွင် လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့အကြုံရှိသူ ဖြစ်သည်။ 

Prachachat ပါတီခေါင်းဆောင် ဝမ်မူဟာမက်နော်မာသာ ကိုတွေ့ရစဉ်

ထို့အပြင် ချိုနန်သည် ညွန့်ပေါင်းမဟာမိတ် Prachachat ပါတီခေါင်းဆောင် ဝမ်မူဟာမက်နော်မာသာ (Wan Muhammad Nor Matha) ၏ ၎င်းတို့ပါတီအား လွှတ်တော်ဒုဥက္ကဋ္ဌ နေရာပေးရေး အဆိုပြုချက်ကိုလည်း ပယ်ချ သည်။ 

လက်ရှိ ညွန့်ပေါင်းပါတီ ရှစ်ခုအနေဖြင့် လွှတ်တော်ဥက္ကဋ္ဌ ရာထူးကိစ္စကို မဖြေရှင်နိုင်ချင်း အစိုးရဖွဲ့စည်းနိုင်လိမ့် မည် မဟုတ်ဟုလည်း ဝမ်နော်နှင့် Thai Sang Thai ပါတီဥက္ကဋ္ဌတို့က သတိပေးခဲ့ဖူးသည်။ 

သို့သော် ညွန့်ပေါင်းအဖွဲ့သည် ထိုသို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မထင်ကြောင်း၊ ဖြူးထိုင်းပါတီနှင့် Move Forward ပါတီတို့သည် ဥက္ကဋ္ဌ ရွေးချယ်ရေး လွှတ်တော်၏ ပထမဆုံး အစည်းအဝေး မတိုင်ခင် ထိုကိစ္စကို ဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း ချိုနန်က ပြောသည်။ 

အစည်းအဝေးကို ဇူလိုင် ၆ ရက်နေ့တွင် ကျင်းပမည်ဟုလည်း ယူဆရသည်။ 

Source: ဘန်ကောက်ပို့စ်