CNI International News

ဘန်ကောက်၊ မေလ ၂၂

မေလ ၂၃ ရက်တွင် ဘန်ကောက်မြို့ရှိ လွှတ်တော်ရှေ့၌ လွှတ်တော်အမတ် ၂၅၀ ကို ဖိအားပေးရေး လူထုစုဝေးပွဲ ကျင်းပရန် စီစဉ်ထားသည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။

ပြည်သူ့ဆန္ဒအတိုင်း Move Forward ပါတီ အစိုးရဖွဲ့ရေးနှင့် ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အား ဝန်ကြီးချုပ်သစ် ခန့်အပ်ရေးတွင် ဆန့်ကျင်မဲပေးမှု လုပ်ဆောင်ခြင်း မပြုရေးအတွက် လွှတ်တော်အမတ်များကို ဖိအားပေးရန် ဖြစ်သည်။

လူထုစုဝေးပွဲကို United Front of Thammasat and Demonstration (UFTD) က တနင်္ဂနွေနေ့တွင် ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

ထိုင်းလွှတ်တော်ကို တွေ့ရစဉ်

ရွေးကောက်ပွဲသည် ပြည်သူ့ လိုအပ်ချက်နှင့် ရည်ရွယ်ချက်ကို ထင်ဟပ်သည့် အရေးပါဆုံး အရာတစ်ခုဖြစ် ကြောင်း၊ ပြည်သူများဘက်က ပြောင်းလဲရန် လိုအပ်ကြောင်း စကားသံ ထွက်ပေါ်လာချိန်တွင် ဒီမိုကရေစီ နည်း လမ်း များနှင့်အညီ ပြုမှုဆောင်ရွက်သင့်ကြောင်း၊ သို့သော် ၂၀၁၇ ဖွဲ့စည်းပုံအရ လွှတ်တော်အမတ် ၂၅၀ သည် ပြည်သူ့ဆန္ဒနှင့် ပတ်သက် ဆက်နွယ်ခြင်း ရှိမနေသော်လည်း ဝန်ကြီးချုပ် ရွေးချယ်ရေးတွင် ပါဝင်မဲပေးခွင့် ရှိနေ ခြင်းမှာ မဖြစ်သင့်ကြောင်း UFTD က ပြောသည်။

ရွေးချယ်ပွဲတွင် ပြည်သူများ၏ ရည်မှန်းချက် အစစ်အမှန်ကို မည်ကဲ့သို့ ထုတ်ဖော်ပြသခဲ့သည်ဖြစ်စေ လွှတ်တော် အမတ် တစ်ချို့သည် ဒီမိုကရေစီ နည်းလမ်းများကို သဘောမတူဟု ထုတ်ဖော် ပြသထားကြောင်း၊ ၎င်းတို့သည် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များကို ဆန့်ကျင့်မဲပေးရန်၊ ပြောင်းလဲမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာနိုင်မှု ကို အနှောင့်အယှက်ပေးရန် အဆင်သင့် ရှိနေကြောင်းလည်း ဖေ့စ်ဘွတ်ခ်ပို့စ်တွင် ရေးသားထားသည်။
လွှတ်တော်ကြောင့် ပြည်သူ့အောင်ပွဲ မပျက်စီးသင့်ဟုလည်း ပါဝင်သည်။

တနင်္ဂနွေနေ့ မနက်ပိုင်း အယုဒ္ဓယ (Ayuttaya) ပြည်နယ် ချိုဖရွမ်း (Chao Phrom) ဈေးရှေ့တွင် လူတစ်စုက ဘုရင်စနစ်ကို ကာကွယ်ရေးအတွက် စုဝေးဆန္ဒပြခဲ့ကြသည်။

ထိုင်းဘုရင် မိသားစုကို တွေ့ရစဉ်

ယင်းကို အန်တီအယုဒ္ဓယလို့ ထင်ရှားသော ကလျာနီ ဂျူပရန်း (Kalayani Juprang) ဟုခေါ်သည့် အမျိုးသမီး တစ်ဦးက ဦးဆောင်ခဲ့သည်။

အဆိုပါ လူအုပ်စုက ပုဒ်မ ၁၁၂ ခု ခေါ်သော တော်ဝင်မိသားစုအား စော်ကားပြောဆိုခြင်းနှင့် ပတ်သက်သည့် ဥပဒေအား ပြင်ဆင်ရန် လုပ်ဆောင်မှုကို ကန့်ကွက်ကြောင်း စာတန်းများ ကိုင်ဆောင်ကာ ကန့်ကွက် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ထိုဆန္ဒပြသူများနှင့် ဒေသခံများအကြား တင်းမာမှုများရှိခဲ့ကာ ယင်းတို့ကို အရပ်ဘက်၊ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ ဝင်များက ဝင်ရောက် ဖြန်ဖြေပေးခဲ့ရသည်။

အယုဒ္ဓယ ဈေးရှေ့ ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သူ ကလျာနီက Move Forward Party (MFP)ပါတီသည် ပုဒ်မ ၁၁၂ ကို ပြောင်းလဲရန် ပြတ်သားသော သဘောထား ရှိခြင်းကြောင့် ယင်းကို ကန့်ကွက်ရေး အယုဒ္ဓယနှင့် အိမ်နီးချင်း ပြည် နယ်များကိုပါ တိုက်တွန်းခဲ့သည်။

သူမအနေဖြင့် ပါတီသည် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကို ဦးဆောင်ခွင့် ရရှိထားကြောင်း သဘောတူသော်လည်း ပုဒ်မ ၁၁၂ ကို ဖျက်သိမ်းရေးပါတီ၏ မူဝါဒကို လက်မခံနိုင်ဟု ပြောသည်။

Source: ဘန်ကောက်ပို့စ်