CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၄

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုမ္ပဏီများက ဂျင်းတစ်မျိုးထဲသာ ဝယ်ယူ တော့ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေး၌ ကုန်သွယ်မှုကျဆင်းနေကြောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန် သည်များက CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောမြို့နယ် ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်က မြန်မာနိုင်ငံမှ ထွက်သည့် ကုန်များအနက် ဂျင်း တစ်မျိုးထဲကို သာ ဝယ်ယူတော့သည့်အတွက် ကုန်သွယ်မှုကျဆင်းသွားကြောင်း မောင်တောမြို့မှ ကုန်သည် ဦးအောင်နိုင်လင်း က ပြောသည်။

၎င်းက “ ကျနော်တို့ တစ်လကျော်ရှိပြီပေါ့ ဘာမှပို့လို့ မရတာ။ ပထမ သူတို့မှာ ဒေါ်လာ မရှိဘူး။ ဒေါ်လာ ပြတ်လပ် သွားတယ်ပေါ့။ ဒေါ်လာ မရှိဘူးဆိုပြီးတော့ ဒေါ်လာပြဿနာ တတ်တယ်တဲ့။ သွင်းကုန်ကို ဆိုတော့ သူတို့ပေးလို့ မရဘူးပေါ့ ဆိုပြီးတော့ ပိတ်လိုက်တယ်။ အရင်က ကုန်ပို့လို့ရတယ် သူတို့ ဝယ်တယ်။ အခုလောလောဆယ် တစ်လ ရှိပြီ သူတို့ မဝယ်ဘူး။ သူတို့ ဒေါ်လာမရှိဘူးတဲ့။ အခု သူတို့အလိုရှိတယ်ဆိုပြီးတော့ ဂျင်းတစ်မျိုးကိုပဲ သူတို့ အစိုးရ က ခွင့်ပြုထားတယ်တဲ့။ 

ဂျင်းသွင်းလာရင်တော့ ဒေါ်လာရောင်းပေးပေါ့ ညွှန်ကြားထားတယ်ပေါ့။ အစိုးရ ဘဏ်က ဂျင်းသွင်းမယ်ဆိုရင် ဒေါ်လာရောင်းပေးတယ်။ ကျန်တဲ့ ကုန်သွင်းမယ်ဆိုရင် ဒေါ်လာ မရောင်းပေးဘူး။ အဲဒါ ကြောင့် သွင်းလို့မရဘူး။ ဘယ်သွင်းကုန်မှ သွင်းလို့မရဘူး။ လောလောဆယ် ကျနော်တို့ ဒီဘက်ကနေ ပို့ထားတာ အများကြီးရှိတယ်။ ဆိပ်ကမ်းမှာ လှောင်ထားတယ်။ ပုံထားတယ်ပေါ့နော်”ဟု ပြောသည်။

 ကုန်သွယ်ရေး အမှတ်တံဆိပ်

ကုန်သွယ်မှု ကျဆင်းရခြင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် ဘဏ်များက မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး လုပ်ရာတွင် ပေးချေရမည့် ဒေါ်လာ(ဒေါ်လာ လိုအပ်ချက်ဖြစ်နေ)ကို မရောင်းချပေးနိုင်ဘဲ ဖြစ်နေခြင်းကြောင့် ဖြစ်သည်ဟု မောင်တောမြို့နယ် မေယုတော်ဝင် ကုမ္ပဏီမန်နေဂျာ ဦးယဥ်ဆန်းက ပြောသည်။

ဦးယဥ်ဆန်းက “ကုန်ပစ္စည်း တင်ပို့နိုင်မှု အချိန်က မနှစ်ကထက်စာရင် ဘာမှကို မဆိုင်တာပါ။ မနှစ်က ဒီအချိန်မှာ ဆိုရင် ရာသီဥတု ဘယ်လောက် ကြမ်းနေပါစေ။ ငါးတွေ ၊ ကြက်သွန်တွေ၊ ဂျင်းတွေနဲ့ တခြား တခြားသော စိုက်ပျိုးရေး ထွက်ကုန်တွေရော ရေထွက်ကုန်တွေရော တင်ပို့နိုင်တယ်။ ဒီနှစ်မှာတော့ အဲဒီ အခြေအနေမျိုး မရှိ ဘူး။ စိုက်ပျိုးရေး ထွက်ကုန်တွေနဲ့ ကြက်သွန်ရယ်။ ကြက်သွန်တောင် အဲလောက်မပါဘူး။ ဂျင်းပဲ အဓိက တင်ပို့နိုင် တယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ လတွေက ဘင်္ဂလားဒေ့ရှ် ဘက်မှာရှိတဲ့ ကျနော်တို့ရဲ့ မိတ်ဖက်ကုန်သည်တွေ သူတို့တွေဆီကတဆင့် သတင်းတွေ စုံစမ်းကြည့်တယ်။ စုံစမ်းကြည့်တဲ့ အချိန်မှာ သူတို့ရဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် တဲ့ တိုနာလီဘဏ်၊ အေဘီဘဏ်နဲ့ နောက် ဘဏ်တစ်ခုပေါ့နော် အဲဒီဘဏ်တွေမှာ မြန်မာပြည်နဲ့ ကုန်သွယ်မှုလုပ် တဲ့ အချိန်ပဲ ငွေကြေး ပေးချေရတဲ့ ဒေါ်လာတွေ မရောင်းပေးနိုင်လို့ ဆိုလို့ ကုန်တွေ မသွားနိုင်ဘူး ဖြစ်နေရတာ” ဟု ပြောသည်။

မြန်မာ့ ဂျင်းကို တွေ့ရစဉ်

ဂျင်းတစ်မျိုးသာ တင်ပို့နေရသည့်အတွက် နယ်စပ်ကုန်သွယ်ရေးကို မှီခို လုပ်ကိုင် စားသောက်နေကြရသည့် လက်လုပ်လက်စား သမားများသည် အခက်အခဲများ ကြုံတွေ့နေရကြောင်း မောင်တောမြို့နယ်က အလုပ်သမား ခေါင်းဆောင် မာမတ်အာယစ်က CNI သတင်းဌာနသို့ ပြောသည်။

မာမတ်အာယစ်က “ပစ္စည်းက တစ်ခုထဲပဲ ချလို့ရတယ်။ နောက်ကုန်တို့ ဘာတို့ချလို့ မသေးဘူး။ ကျနော်တို့မှာ အခက်အခဲ ရှိနေတယ်”ဟု ပြောသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံက ပို့ကုန်အနေဖြင့် အမေရိကန် ဒေါ်လာ ၅.၅၈ သန်း ကုန်သွယ်နိုင်ခဲ့ကြောင်း၊ ထို့နောက် သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာ ၀.၁၂ သန်းဖိုး တင်သွင်းမှု ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။