CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ အသွားအလာ ကန့်သတ်ထားမှုကြောင့် ကုန်စည်စီးဆင်းမှု မရှိသည့်အတွက် မောင်တောနှင့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးကျဆင်းနေပြီး ရပ်တန့်တော့မည့် အခြေအနေ ရောက်ရှိနေကြောင်း မောင်တောကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် မောင်တော-အငူမော်လမ်းကို အကန့်အသတ်မရှိ ပိတ်ထားတာကြောင့် ကုန်ကားများ တင်ဆောင်ထားသည့် ဇက်ရေယာဉ်များသည် စစ်တွေ-ဘူးသီးတောင်လမ်းမှတဆင့် လာရောက်နေကြရပြီး ပြီးခဲ့သည့် ၂ ရက်ခန့်တွင် စစ်တွေ-ဘူးသီးတောင် ဇက်ရေယာဥ်လမ်းကြောင်းကိုပါ ထပ်မံပိတ်လိုက်ခြင်းကြောင့် ကုန်တင်ကားများမှာ မောင်တောသို့ မရောက်လာတော့ကြောင်း သိရသည်။

ထို့ကြောင့် မောင်တောနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် ရောက်ရှိနှင့်ပြီးသား ကုန်များနှင့်သာ ကုန်သွယ်နေရသည်ဟု မောင်တောကုန်သည်တစ်ဦးဖြစ်သူ ဦးအောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

“မောင်တောကနေ ဘင်္ဂလားဒေ့ရှ် တင်ပို့မယ့်ကုန်တွေကတော့ မရှိသလောက်ပါပဲ။ တခြား အရင်မှာခဲ့တဲ့ ကုန်စုံနဲ့ပဲ သွားနေတယ်။ ဘူးသီးတောင်ကနေ ပြီးခဲ့တဲ့ ၁ ရက် ၂ ရက်က လာလို့ရတယ်။ ပိတ်သွားပြီ ၃ ရက်လောက်ရှိပြီ ဇက်နဲ့ လာလို့မရဘူး ဖြစ်နေတယ်။ ၂ ရက်နေ့အရင် စစ်တွေ စစ်ဆေးရေးဂိတ်ကနေ ဘူးသီးတောင်ဆိပ်ကမ်းအထိ လာလို့ရတယ်။ အငူမော် - မောင်တောလမ်း ပိတ်ပြီးမှ ၃ ရက်ရှိပြီ အဲဒါ လည်း လာလို့မရဘူး။ အသွားအလာ ကန့်သတ်ထားလို့လေ မောင်တော - အငူမော်လမ်းကို ကန့်သတ် ထားလို့ လောလောဆယ် လာလို့မရပါဘူး။ မောင်တောကနေ ကုန်သင်္ဘောနဲ့ တစ်ရက် တစ်စီးနဲ့ သွားတာပါ။ အရင်လိုလည်း မသွားနိုင်ဘူး” ဟု ၎င်းကပြောသည်။

ရန်ကုန်နှင့် တခြားတိုင်းဒေသကြီးမှတဆင့် မောင်တောသို့ လာရောက်မည့် ကုန်များသည် လက်ရှိတွင် စစ်တွေဆိပ်ကမ်းတွင်သာ ကုန်တင်ကုန်ချ လုပ်ဆောင်နေရသည်ဟု ကုန်သည်များက ပြောသည်။

မောင်တောကုန်သွယ်ရေးစခန်းရှိ ကုန်ကားတစ်စီးကို တွေ့ရစဉ်

မောင်တောနယ်စပ်ကုန်သည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် စစ်တွေနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် တင်ပို့နေရခြင်းကြောင့် အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည်ဟုလည်း ဦးအောင်နိုင်က ဆက်ပြောသည်။

“ကျန်တဲ့ဥစ္စာ အခုလက်ရှိ လာနေတဲ့ ဥစ္စာကတော့ စစ်တွေကနေပဲ ချပေးတယ်။ ရန်ကုန်ကနေလာတဲ့ ငါးအသား ဘာညာ တောက်လျှောက် လာလို့မရလို့ စစ်တွေကနေ လုပ်တယ်။ မောင်တောကနေ ဘင်္ဂလားပို့ရတာက တအားကွာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေယာဉ်နဲ့ အများဆုံး တစ်နာရီပဲ သွားရတယ်လေ။ စစ်တွေကနေဆိုရင် ၂၀ နာရီလောက် ပင်လယ်ကနေ ကျနော်တို့ ပို့ရတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ၂၀၂၂ ခုနှစ် မေလတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂ ဒသမ ၈၃ သန်း၊ ဇွန်လတွင် ၂ ဒသမ ၃၂ သန်း၊ ဇူလိုင်လတွင် ၁ ဒသမ ၆၅၂ သန်းနှင့် သြဂုတ်လတွင် ၁ ဒသမ ၄၈၃ သန်းအထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။

မောင်တောသို့ ကုန်စည်များ ရောက်မလာသည့်အတွက် ကုန်သည်များအနေဖြင့် အခက်အခဲများ ရှိနေ သည်ဟု မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်စံသိန်းက CNI သို့ ပြောသည်။

“ကုန်တွေ ဘာတွေလည်း မလာတော့ဘူးလေနော့်။ တစ်ရက် နှစ်ရက်လောက် ရှိပါပြီ။ အဲဒါကတော့ သွားလို့မရဘူးလေ။ ကုန်စည်တွေ မရောက်လာရင် မောင်တောမှာက ကုန်စည်တွေရောက်မှပဲ ပစ္စည်း တွေ ပို့လို့ရတာကိုးနော့်။ ကုန်စည်မလာရင် တစ်ဖက်နိုင်ငံကို ဘယ်လိုလုပ် ပို့လို့ရမှာလဲ။ ကုန်သည်တွေ ကတော့ အလုပ်လုပ်ချင်တယ်။ လုပ်ချင်ပေမယ့် အခုတော့ အခက်အခဲ နည်းနည်းရှိပါလိမ့်မယ်” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် (AA)နှင့် မြန်မာ့တပ်မတော်တို့၏ တိုက်ပွဲများကြောင့် ကုန်စည်တင်ပို့သည့် လမ်း ကြောင်းများကို အကန့်အသတ်မရှိ ပိတ်ထားခြင်းကြောင့် နယ်စပ်ကုန်တင်ပို့မူပမာဏ ကျဆင်းလာနေပြီး ကုန်သွယ်မှု လုံးဝရပ်တန့်သွားနိုင်သည့် အခြေအနေဖြစ်သွားမည်ဟု ကုန်သည်များက ခန့်မှန်းနေကြသည်။