CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၅

မော်စကိုသည် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ တင်ပို့နေခြင်းကို ဖြတ်တောက်ရန် ဦးတည်နေသောကြောင့် လာမည့် ဆောင်းရာသီအတွက် ခက်ခဲပင်ပန်းစွာ ဖြတ်သန်းကြရလိမ့်မည်ဟု ယူကရိန်းသမ္မတ ဇာလန်းစကီးက ဥရောပနိုင်ငံ များကို ပြောကြားထားကြောင်း ရိုက်တာသတင်းကို ကိုးကားလျက် The Express Tribune ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံမှ တင်ပို့ပေးနေသည့် ဓာတ်ငွေ့ ပင်မပိုက်လိုင်းကို မော်စကိုအစိုးရ ပိတ်လိုက်ပြီးနောက် စက်တင်ဘာ ၃ ရက်၊ ညပိုင်းတွင် ဇာလန်းစကီးက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

“ရုရှားဟာ ဒီဆောင်းရာသီအတွက် ဥရောပသားအားလုံးကို အဆုံးအဖြတ်ပေးမယ့် စွမ်းအင်ကိစ္စအတွက် ပြင်ဆင် နေပါတယ်” ဟု ၎င်း၏နေ့စဉ် ဗွီဒီယိုမိန့်ခွန်းထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ရုရှားက ဥရောပနိုင်ငံများသို့ ရေနံလွှတ်ပေးမှု လမ်းကြောင်း (GETTY IMAGES)

စွမ်းအင် ပြတ်တောက်မှုများအတွက် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ အနောက်နိုင်ငံများ၏ ပိတ်ဆို့ ဒဏ်ခတ်မှုကို မော်စကိုက အကြောင်းပြခဲ့သည်။

ကိယက်ဗ်အစိုးရကို သံတမန်ရေးနှင့် စစ်ရေး ကျောထောက်နောက်ခံပြုထားသော ဥရောပနိုင်ငံများက “ရုရှားသည် စွမ်းအင်ကို လက်နက်တစ်ခုအဖြစ် အသုံးချနေကြောင်း” စွပ်စွဲထားကြသည်။

ဆောင်းဝင်ခါနီး အချိန်ရောက်လာသည်နှင့်အမျှ စွမ်းအင် အကျပ်အတည်းကြောင့် မကျေမနပ်ဖြစ်နေကြသော ပြည်သူများကို ကိုင်တွယ်ဖြေရှင်းပေးရန်အတွက် ဥရောပအစိုးရများ ကြိုးစားနေသော်လည်း ရှားပါးလာမှုနှင့် လူနေမှု စရိတ်များကလည်း တဟုန်ထိုး တက်လာခဲ့ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ဂျာမနီနိုင်ငံသို့ ၎င်း၏ အဓိကဓာတ်ငွေ့ တင်သွင်းသည့် လမ်းကြောင်းဖြစ်သော Nord Stream 1 ပိုက်လိုင်းကို ပိတ်ထားမည်ဖြစ်ကြောင်း ယခင်သီတင်းပတ်၌ မော်စကိုက ကြေညာခဲ့သည်။

ယူကရိန်းပြည်သူများ 

စက်မှုထိပ်သီး (G-7) နိုင်ငံများကလည်း ရုရှားရေနံတင်ပို့မှုအတွက် ၎င်းတို့စီစဉ်ထားသည့် ဈေးနှုန်း ကန့်သတ်ချက် ကို တန်ပြန်ကြေညာခဲ့သည်။

မိမိအပေါ် ဖိအားပေးသော မည်သည့် နိုင်ငံကိုမဆို ရေနံရောင်းချခြင်း ရပ်တန့်မည်ဟု ကရင်မလင်သမ္မတ နန်းတော်က ပြောကြားခဲ့ပြီး ဖြစ်သည်။

ဂျာမနီဝန်ကြီးချုပ် အိုလာရှော့ဇ်ကတော့ ၎င်း၏အစိုးရသည် လာမည့်ဒီဇင်ဘာလတွင် ဓာတ်ငွေ့ရယူနေမှုအားလုံး ရပ်တန့်ရန် စီစဉ်နေသော်လည်း ဆောင်းရာသီကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်စေမည်ဟု ကတိပြုထားသည်။

“ရုရှားဟာ ယုံကြည်စိတ်ချရတဲ့ စွမ်းအင်မိတ်ဖက် မဟုတ်တော့ဘူး” ဟု အိုလာရှော့ဇ်က ဘာလင်မြို့တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


Source: Reuters