CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၇

ရခိုင်ပြည်နယ်သို့ စက်သုံးဆီ ခွဲတမ်းရရှိမှု လျော့နည်းသွားခြင်းကြောင့် လိုသလောက် မရောင်းချပေးနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ရခိုင်ပြည်နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များထံမှ သိရသည်။

ယခင်က စက်သုံးဆီများကို လိုသလောက် ဝယ်ယူ၍ ရသော်လည်း လက်ရှိတွင် စက်သုံးဆီ ဝယ်ယူရာ၌ လိုအပ်သည့် ပမာဏအား တင်ပြရကြောင်း၊ လိုအပ်သလောက် ဝယ်ယူ၍မရဘဲ ခွဲတမ်းရရှိမှု လျော့ကျသွားခြင်းကြောင့် ပြန်လည် ရောင်းချရာတွင် လိုအပ်သလောက် ရောင်းချမပေးနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း တောင်ကုတ်မြို့နယ်မှ စက်သုံးဆီဆိုင်ပိုင်ရှင် တစ်ဦး က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၁ လမှာ ကိုယ်ရောင်းတဲ့အားကို တင်ပြလို့ရှိရင် ကိုယ်လိုချင်တဲ့အားကို တင်ပြလို့ရှိရင် ၃ စီးလောက် လိုချင်ရင် ၂ စီး လောက်ပဲ ပေးတယ်ပေါ့။ အဲလိုပုံစံ လျှော့ချလိုက်တာပေါ့။ အခက်အခဲတော့ ဖြစ်တာပေါ့။ ကိုယ်ရောင်းချင်သလောက် ရောင်း လို့ မရတော့ဘူးလေ။ ဝယ်တဲ့သူကလည်း လယ်ထွန်မယ့် သူကလည်း ၁ ရာသီမှာ ဂါလံ ၅၀ ကုန်မယ်။ လာဝယ်တော့ သူ့ကို ဂါလံ ၅၀ မရောင်းနိုင်ဘူး။ ဂါလံ ၂၀ လောက်ပဲ ရောင်းနိုင်တယ်။ အဲလို အခက်အခဲ ဖြစ်ကုန်တာပေါ့” ဟု ပြောသည်။

စစ်တွေမြို့ ဆီဆိုင်ကြီးများတွင် ပရီမီယမ် ဒီဇယ်ဆီ တစ်လီတာကို ၂၆၈၀ ကျပ်၊ ဒီဇယ်ဆီ တစ်လီတာကို ၂၆၅၀ ကျပ်၊ အောက် တိန်း-95 တစ်လီတာကို ၂၄၂၀ ကျပ်၊ အောက်တိန်း-92 တစ်လီတာကို ၂၃၃၅ ကျပ် စသဖြင့် စျေးနှုန်းအသီး ရှိသည်။

ထို့နောက် မောင်တောမြို့နယ်ရှိ ဆီဆိုင်ကြီးများတွင် ဓာတ်ဆီ တစ်လီတာကို ၃၀၀၀ ကျပ် ပေးဝယ်နေရကြောင်း၊ လမ်းဘေး ဆိုင်များတွင် ၃၅၀၀ ကျပ်ခန့်အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

စက်သုံးဆီ ဈေးနှုန်း မြင့်တက်မှုကြောင့်လည်း ရခိုင်ပြည်နယ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ချင့်ချိန် ၍ လုပ်ဆောင်နေရကြောင်း၊ အမြတ်အစွန်းရရှိမှု နည်းပါးသွားကြောင်း ရခိုင်ပြည်နယ် ကုန်သည်နှင့် စက်မှုအသင်းချုပ် အတွင်းရေးမှူး ဦးအောင်အောင်က CNI သတင်းဌာနသို့ ပြောသည်။

စက်သုံးဆီ အရောင်းဆိုင်

ဦးအောင်အောင်က “ဒီလိုမျိုး ဆီဈေးတွေ တက်လာတယ်။ ဆီပြတ်လပ်မှုတွေ ဖြစ်လာတဲ့အခါမှာ သယ်ယူပို့ဆောင်ရေး စရိတ် တွေက တက်လာပါတယ်။ တစ်ဖက်နိုင်ငံကို ကျနော်တို့ ကုန်တင်ပို့နေရတဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေမှာလည်း သယ်ယူ ပို့ဆောင်ရေး စရိတ်တွေ မတည်ငြိမ်တဲ့ အတွက်ကြောင့် လုပ်ငန်းတွေ အနေနဲ့ တော်တော်လေး စဉ်းစားပြီးတော့ လုပ်နေရပါတယ်။ ကုန်ဈေးနှုန်း အခက်အခဲ ကနေပြီးတော့ မျှော်လင့်မထားတာတွေ ဖြစ်နေတဲ့ဟာမျိုးပေါ့နော်။ အဲဒါကြောင့် တော်တော်လေး ဂရုစိုက်ပြီးတော့ လုပ်ရပါမယ် အခုချိန်မှာ။ ရောင်းထားတဲ့ ပစ္စည်းကနေတဆင့် ပြင်ဆင်စရိတ် နှုတ်ပြီးတော့ ကျနော်တို့ အကျိုးအမြတ် မရှိတာတွေ၊ အမြတ်နည်းတာတွေ၊ ဆုံးရှုံးမှု ရှိတာတွေ ရှိကောင်း ရှိနိုင်တာပေါ့နော်” ဟု ပြောသည်။

စက်သုံးဆီ လိုသလောက် ဝယ်ယူ၍ မရသည့်အပြင် စက်သုံးဆီ ဆိုင်များသို့ လာရောက်သူ များပြားသောကြောင့် တန်းစီ စောင့်ဆိုင်း နေရခြင်း၊ စက်သုံးဆီ ဆိုင်တချို့တွင် ဆီအမျိုးအစား စုံလင်စွာ ရောင်းချမှုများ မရှိတော့ခြင်းနှင့် စက်သုံးဆီ ဈေး နှုန်း များသည်လည်း အလွန်မြင့်တက်နေကြောင်း ရခိုင်ပြည်နယ် ဒေသခံများထံမှ သိရသည်။

စစ်တွေဒေသခံ ကိုမိုးဇော်က “စက်သုံးဆီက အခုက ဈေးတွေ တအားမြင့်နေလို့။ ဝယ်ရမလွယ်ဘူး။ ဝယ်ရတာလည်း ခက် တယ်။ ဆိုင်ကယ်တွေတောင် တန်းစီရတယ် ဆိုင်ကယ်ဆီဖြည့်ဖို့ တစ်ခေါက်ဆိုရင်လေ။ ဆီဆိုင်တွေမှာ အကြာကြီးပဲ တန်းစီ ရတာ။ ကျနော်တို့ဆီမှာလည်း တစ်ခါတလေ ဒီဇယ်ပြတ်သွားတာ ရှိတယ်။ ဆီမရှိဘူးလို့ ပြောပဲ ပြောတယ်သူတို့က။ ဒီအတိုင် ဈေးတက်လာရင် ကျနော်တို့ မှာ ကုန်နဲ့ ဆန်ကားတွေ အဆင်ပြေမှာ မဟုတ်တော့ဘူးဗျ။ ကား ၃ စီးထွက်မယ့် နေရာမှာ ၁ စီး ပဲ ထွက်ရမှာ။ အဲဒါဆိုရင် အဆင်မပြေတော့ဘူး။ ကုန်စည်စီးဆင်းမှုလည်း အဆင်ပြေတော့မှာ မဟုတ်ဘူး” ဟု ပြောသည်။

ယခုအတိုင်း စက်သုံးဆီ ဝယ်ယူရ ခက်ခဲခြင်း၊ ဈေးနှုန်း တည်ငြိမ်မှု မရှိခြင်းများကို မြန်မာ့‌ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဖြေရှင်းပေးရန် လိုအပ်သလို စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများ အနေဖြင့်လည်း ထိန်းညှိပေးရန် လိုအပ်ကြောင်း၊ စက်သုံးဆီ ပြတ်လပ်မှု မဖြစ်ပေါ်ရေး ဆောင်ရွက်သင့်ကြောင်း လုပ်ငန်းရှင်များက လိုလားနေကြသည်။

စက်သုံးဆီ ဈေးနှုန်း မြင့်တက်ပြီး တည်ငြိမ်မှု မရှိခြင်းနှင့် လိုအပ်သလောက် ဝယ်ယူ၍ မရခြင်းများကြောင့် လုပ်ငန်း လည်ပတ်မှု နှောင့်နှေးခြင်းများ ရှိလာသကဲ့သို့ ရပ်နားထားရသည့် လုပ်ငန်းများ ရှိနေကြောင်းလည်း သိရသည်။