CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၆

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် နှစ်ဖက်နိုင်ငံ ကုန်တင်ယာဉ်များကို မေလ ၁၆ ရက်နေ့မှ စတင်၍ ဝင်ထွက်ခွင့် ပြုလိုက်ခြင်းကြောင့် ခေါက်တိုကုန်တင်ယာဉ် ငှားရမ်းခများ ယခင်ကထက် အဆမတန် သက်သာလာကြောင်း မူဆယ် ကုန် သည်များထံမှ သိရသည်။

မြန်မာကုန်တင်ယာဉ်များ တရုတ်နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် မရရှိခင် အချိန်က ခေါက်တိုကုန်တင်ယာဉ် ငှားရမ်းခသည် တန် ၅၀ ဆံ့ တွဲကားတစ်စီးကို သိန်း ၁၀၀ နီးပါးဖြင့် ငှားရမ်းရကြောင်း၊ လက်ရှိ မြန်မာကုန်တင်ယာဉ်များ တရုတ်နိုင်ငံသို့ တိုက်ရိုက် ဝင်ရောက်ခွင့် ရရှိသွားသည့်အတွက် ငှားရမ်းခ ၁၀ သိန်းသာ ပေးရတော့ကြောင်း မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးမင်းသိန်းက “ မေလ ၁၆ ရက်နေ့မှာ မြန်မာကားတွေကို အစားထိုး ယာဉ်မောင်းစနစ်ကနေ တိုက်ရိုက် ဝင်ရောက်လို့ ရပြီးတဲ့ နောက်မှာ ခေါက်တိုကားခတွေက ဈေးတွေ ကျသွားတယ်။ မေလ ၁၆ ရက်နေ့ မတိုင်မီက ဆန်အိတ် ၁ ထောင် တန် ၅၀ တင် တဲ့ တွဲကားတစ်စီးကို ကားခ သိန်း ၁၀၀ လောက် ပေးရတယ် ဗမာငွေ။ အခုကျတော့ မေလ ၁၆ ရက်နေ့ နောက်ပိုင်းမှာ ယခင် သိန်း ၁၀၀ လောက် ပေးရတဲ့ ကားခက အခု ၁၀ သိန်းလောက်ပဲ တန်တယ်။ ကားခက သိသိသာသာ ကျသွားတယ်။ ဘာကြောင့်လဲ ဗမာကားတွေ တိုက်ရိုက် ဝင်ခွင့်ရတဲ့အတွက်။ တကယ်လို့များ ဗမာကားတွေက မိမိကားကို မိမိကိုယ်တိုင် မောင်း ပြီး ဝင်လို့ရမယ်ဆိုရင် ခေါက်တိုကားခလည်း ဒီထက် ပြန်ကျအုံးမယ်” ဟု ပြောသည်။

ခေါက်တိုကုန်တင်ယာဉ် ငှားရမ်းခ ဈေးနှုန်းများ ကျဆင်းသွားရခြင်းသည် မြန်မာကုန်တင်ယာဉ်များ တရုတ်နိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိသွားခြင်းနှင့် ယခုအချိန်သည် ကုန်ပစ္စည်းရှားပါးသည့် အချိန်ဖြစ်ခြင်းကြောင်းဟု သိရ သည်။

ယခင် သစ်သီးတင်ပို့မှု များပြားနေချိန် ကုန်တင်ယာဉ်များလည်း များပြားကာ အဆိုပါ အချိန်များတွင်မူ ကုန်တင် ယာဉ်ငှားရမ်းခများမှာ နှစ်နိုင်ငံအပြန်အလှန် ဈေးနှုန်းမြင့်တက်နေသော်လည်း လက်ရှိတွင် ကုန်စည် ရှားပါးခြင်း ကြောင့် ဈေးနှုန်း ကျဆင်းလာနေပြီဖြစ်သည်ဟု သစ်သီးကုန်ကားသမားတစ်ဦးဖြစ်သူ ကိုဆန်းဝင်းက CNI သတင်း ဌာနသို့ ပြောသည်။

“ကားခတွေကတော့ ကျသွားပြီ။ အဝင်လည်း ကျသွားပြီ။ အထွက်လည်း ကျသွားပြီ။ သစ်သီးရှားတဲ့အပေါ်မှာပဲ မူတည်တယ်။ အခုက သစ်သီးက ရှားသွားပြီလေ။ အရင်တုန်းက ဖရဲသီးတို့၊ သခွားမွှေးတို့ ဗမာကုန်သည်တွေက ဝင်ချင်တာများတော့ ကားခတွေ ဈေးတင်ပြီး ရတယ်။ အခုက ကျသလောက် ဖြစ်သွားပြီးတော့ တရုတ်ကားက ၈၅၀၀ (ယွမ်)၊ ၈၀၀၀၊ ၉၀၀၀ ပေါ့။ အရင်တုန်းက ၃ သောင်းခွဲလောက် ပေးရတာပေါ့။ ဟိုဘက်က အထွက်က အရင်တုန်းက ၃ သောင်းလောက် ပေးရတယ်။ အခုက ၆ ထောင်၊ ၅ ထောင် အမျိုးမျိုးပဲ” ဟု ပြောသည်။

ယခု ကုန်တင်ယာဉ် ငှားရမ်းခဈေးနှုန်းများ ကျဆင်းလာပြီဖြစ်သော်လည်း မူလပထမဈေးနှုန်း၊ ကိုဗစ် - ၁၉ ရောဂါ မဖြစ်ပွားမီဈေးနှုန်းနှင့် နယ်စပ်ကုန်သွယ်ရေးဂိတ်များ အားလုံး ဖွင့်လှစ်ထားသည့် အချိန်၏ဈေးနှုန်းသို့ ပြန်လည် မရောက်ရှိသေးကြောင်း ဦးမင်းသိန်းက ပြောသည်။

“မူလဈေးနှုန်းမှာ အမှန်မှာ သူက ဟိုဘက်နဲ့ ဒီဘက်က မိုင်က ၁ မိုင်လောက်ပဲ ဝေးတယ်။ ပုံမှန်ဟိုးအရင်တုန်းက ဈေး ကိုဗစ်မဖြစ်ခင်တုန်းက ဈေးဆိုရင်၊ ဂိတ်တွေ အားလုံးဖွင့်တုန်းက ဈေးဆိုရင် ၂ သိန်းလောက်ပဲ ရှိတယ်။ အရင်တုန်းက ဂိတ်က ၅ ဂိတ်ဖွင့်တယ်။ ၅ ဂိတ် ဖွင့်တုန်းကကျတော့ ကျင်စန်းကျော့ကနေ ဝမ်တိန်သွားရင် ခေါက်တိုခက ၂ သိန်းလောက်ပဲ ကုန်တယ်။ ကိုဗစ်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ ဂိတ်တွေ ပိတ်တယ်။ စည်းကမ်းချက် တွေ ထုတ်တယ်။ ဗမာကားတွေ မဝင်ရဘူး။ အစားထိုးယာဉ်မောင်းတွေနဲ့ သွားတဲ့နောက်ပိုင်းမှာ ကားခတွေ ဈေးတက်လာတာ” ဟု ပြောသည်။

ကိုဗစ်ရောဂါ အကြောင်းပြချက်ဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှစတင်၍ မြန်မာ - တရုတ် ကုန်သွယ်ရေးတွင် အရေးပါသည့် ချင်းရွှေဟော်၊ နန်းတော်ဂိတ်၊ ဂျယ်ဂေါင်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့ကို တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့ပြီး ကျင်စန်းကျော့ဂိတ်တစ်ခုတည်းကိုသာ ပြန်လည်ဖွင့်လှစ်ထားသည်။