CNI International News

မော်စကို၊ ဇွန်လ ၄

ယူကရိန်း ဆိပ်ကမ်းများ၌ မိုင်းများ ရှင်းလင်းပြီးလျှင် ယူကရိန်းစပါး၊ ကောက်ပဲ သီးနှံတင် သင်္ဘောများ အတားအဆီးမရှိ ဖြတ်သန်းသွားလာခွင့်ကို ရုရှား အာမခံကြောင်း၊ ဘက်ဒ်ယန်ဆက်နှင့် မာရီယူပေါလ်ကဲ့သို့ ရုရှားထိန်းချုပ်ထားသော ဆိပ်ကမ်း များမှ လုံခြုံစိတ်ချစွာ တင်ပို့နိုင်စေမည်ဖြစ်ကြောင်း Rossiya 1 ရုပ်သံလိုင်းနှင့် အင်တာဗျူးတွင် သမ္မတ ဗလာဒီမာပူတင်က ကတိပြုခဲ့သည်ဟု တာ့စ်သတင်းဌာနက ရေးသားဖော်ပြသည်။

ယူကရိန်း အစိုးရသည် ကုန်းလမ်းမှ ကောက်ပဲသီးနှံများ တင်ပို့ရောင်းချနိုင်ပြီး လက်တွေ့ အကျဆုံး နည်းလမ်းမှာ ဘယ်လာရုစ်နိုင်ငံ ဖြစ်သော်လည်း အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ပူတင်၏ အဆိုအရ သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာ ဈေးကွက်သည် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ကတည်းက စတင်ခဲ့သော ပြဿနာများနှင့် စွမ်းအင် ပြဿနာများအပေါ် အခြေခံကြောင်း၊ အကြောင်းရင်းမှာ အနောက်အုပ်စု နိုင်ငံများ၏ အမြင်ကျဉ်းသည့် မူဝါဒကြောင့် ဖြစ် ကြောင်း ရုရှားသမ္မတ ပူတင်က ယခုအင်တာဗျူးတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ဈေးကွက် အတွင်းရှိ စားနပ်ရိက္ခာ ပြဿနာများနှင့် ပတ်သက်၍ ပူတင်က “ဥရောပနိုင်ငံများ၏ အမြင်ကျဉ်းမြောင်း သော မူဝါဒနှင့် စွမ်းအင် နယ်ပယ်အတွက် ပထမ သာဓကအဖြစ် ဥရောပကော်မရှင်၏ သဘောထားတို့အပေါ် မူတည်နေခဲ့ ကြောင်း” ဆက်လက် ပြောကြားခဲ့သည်။

ပူတင်နဲ့  Rossiya 1 TV channel အင်တာဗျူးနေစဉ်

“အဲဒီနေရာမှာ ဖြစ်ပေါ် တိုးတက်မှုတွေကို ကျနော်တို့ သတိပြုမိပါတယ်။ အမေရိကန်နဲ့ ဥရောပနိုင်ငံရေး အင်အားစုတွေဟာ ရာသီဥတု အခြေအနေနဲ့ ပတ်သက်လို့ ကမ္ဘာ့လူသားတွေရဲ့ ပကတိ စိုးရိမ်မှုတွေကိုလည်း ထည့်စဉ်းစားလာကြပြီဆိုတာ ကျနော်ကိုယ်တိုင် လက်ခံယုံကြည်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုအတွက် စွမ်းအင်ကဏ္ဍ အပါအဝင် အခု ပြောပြောနေကြ တဲ့ အစိမ်းရောင် အစီအစဉ်ကို မြှင့်တင်နေကြပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။
“အဲဒီနောက်မှာ ဥရောပနိုင်ငံတွေက သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးအတွက် နှစ်ရှည် စာချုပ်တွေကို ထိန်းထားဖို့ ကျနော် အလေး အနက် တောင်းဆိုတာကို နားမထောင်ဘဲ ပိတ်ဆို့လိုက်ကြတယ်ဗျာ။ စာချုပ် အတော်များများက အသက်ဝင်နေသေးပေမယ့် သူတို့ဘက်က စပြီး ပိတ်တာလေ။ ဒါကလည်း အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ ဥရောပစွမ်းအင်ဈေး တက်လာတယ်လေ” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်း၏ ဆန်စပါးနှင့်ဂျုံ တင်ပို့မှုများကို မဟန့်တားကြောင်း၊ တင်ပို့ရေးကို ပင်လယ်နက် ဒေသအတွင်းရှိ ဆိပ်ကမ်းများနှင့် အိမ်နီးချင်းနိုင်ငံများမှတဆင့် လုပ်ဆောင်နိုင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

“ယူကရိန်းရဲ့ ကောက်ပဲ သီးနှံ တင်ပို့မှုနဲ့ ပတ်သက်ပြီး ကျနော်တို့က အတားအဆီး မရှိပါဘူး” ဟု ပူတင်က အတိအလင်း ပြောကြားခဲ့သည်။
တင်ပို့ရေးအတွက် နည်းလမ်းများစွာရှိကြောင်း၊ ယူကရိန်းထိန်းချုပ်ထားသော ဆိပ်ကမ်းက တဆင့်ဖြစ်စေ၊ ဘက်ဒ်ယန်ဆက် နှင့် မာရီယူပေါလ်မြို့များမှ တဆင့်ဖြစ်စေ ဒင်းညုမြစ်ကြောင်းအတိုင်း ရိုမေးနီးယား၊ ဟန်ဂေရီနှင့် ပိုလန်တို့ကို ဖြတ်သန်း တင် ပို့ နိုင်ကြောင်း၊ အရိုးရှင်းဆုံးနှင့် လက်တွေ့အကျဆုံး လမ်းကြောင်းမှာ ဘယ်လာရုစ်နိုင်ငံကို ဖြတ်ပို့ရန် ဖြစ်သော်လည်း ထို လမ်းကြောင်းအတွက် အနောက်အုပ်စု ပိတ်ဆို့မှုများ ဖယ်ရှားပေးဖို့ လိုအပ်ကြောင်း ပူတင်က ရုပ်သံအင်တာဗျူးထဲ၌ အကျယ်တဝင့် ပြောကြားသွားခဲ့သည်။

Source: တာ့စ်သတင်းဌာန