CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၈

နစကမှ ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မဖြစ်ပါက ပြည်သူလူထု၏ စီးပွားရေး ကျပ်တည်းမှုမှာ ပိုဖြစ်လာနိုင်သည်ဟု စီးပွားရေး လုပ်ငန်း ရှင်များနှင့် စီးပွားရေး ပညာရှင်များက ပြောသည်။

အကယ်၍ နစက ပြင်ဆင်နေသည့် ရွေးကောက်ပွဲဖြစ်ပါက ရွေးကောက်ခံအစိုးရ တက်လာခြင်းနှင့်အတူ တိုင်းပြည် ၏စီးပွားရေး ကောင်းမွန်လာနိုင်ကြောင်း၊ စီးပွားရေး ကောင်းမွန်လာပါက ပြည်သူလူထု၏ အလုပ်အကိုင် အခွင့် အလမ်း နှင့် စားဝတ်နေထိုင်ရေးများလည်း အဆင်ပြေလာနိုင်ကြောင်း ၎င်းတို့က ပြောကြသည်။

ရွေးကောက်ပွဲ ကျင်းပပြီး ရွေးကောက်ခံ အစိုးရ တက်လာပါက လက်ရှိ စီးပွားရေး ပိတ်ဆို့ထားမှုများကို ဖြေလျှော့ လာရန် လုပ်လာနိုင်ကြောင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများလည်း ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ မဖြစ်ပါက နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့မှုများသည် လက်ရှိထက် ပိုမိုလုပ်ဆောင် လာနိုင်သည့်အတွက် ပြည်သူလူထု၏ စီးပွားရေးသည် ကျပ်တည်းလာနိုင်ကြောင်း စီးပွားရေး ကျွမ်းကျင်ပညာရှင် ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးသက်ဇော်က “ရွေးကောက်ပွဲ အနေနဲ့ကတော့ ဒါကတော့ ဆရာတို့အမြင် ပွင့်ပွင့်လင်းလင်း ပြောရရင် ရှိသင့် တယ်။ ဘာလို့ဆို အရပ်သားရဲ့ အုပ်ချုပ်မှုနယ်ပယ်ကို ကျယ်ပြန့်စေချင်တဲ့ အတွက်ကြောင့်မို့လို့ အရပ်ဘောင် ကျယ်လာ မယ်။ အရပ်ဘောင် ကျယ်မယ်၊ စစ်ဘောင် ကျဉ်းစေတယ် ရွေးကောက်ပွဲက မဖြစ်မနေသွားရမယ်။ နောက်တစ်ခုက တို့နိုင်ငံက စီးပွားရေးဆိုင်ရာ ဆိုရင်လည်း ဆန်ရှင်တွေက အများကြီးထိခဲ့ပြီ နစကနဲ့ ပတ်သက်ပြီးတော့ resolution ချထား တာတို့၊ ဘာတို့ အစုံလုပ်ထားတဲ့ အခါကျတော့ ရွေးကောက်ခံအစိုးရ ဖြစ်လာရင်တော့ ဒါတွေကို ပြန်ဖြေလျှော့ လာအောင် ကြိုးစားရမှာ။ ကြိုးစားတဲ့ အတွက်ကြောင့်မို့လို့ စီးပွားရေးဘက်မှာလည်း အကယ်လို့ ရွေးကောက်ခံ အစိုးရ ဖြစ်လာရင်တော့ နိုင်ငံတကာ FDI တွေက ဝင်လာမယ်လို့ ဆရာတို့က မျှော်မှန်းတယ်။ ရွေးကောက်ပွဲ မဖြစ်လာရင်တော့ ဆန်ရှင်တွေက ပိုလာမယ်၊ resolution တွေ ပိုပြီးတော့ တင်းကျပ်လာမယ်။ နောက်ပိုင်းကျရင် ဒီထက် တင်းကျပ်မှုတွေ လာမယ်။ ဒီထက် တင်းကျပ်လာရင် တိုင်းပြည်ရဲ့ စီးပွားရေးက ဒီထက်ကျလာရင် လူတွေ ရဲ့ စီးပွားရေး ကျပ်တည်းမှုတွေ ပိုဖြစ်လာမယ်လို့ ဆရာတို့ကတော့ ထင်တာပေါ့နော်” ဟု ပြောသည်။

စားဝတ်နေရေး ခက်ခဲသူများကို ထမင်း-ဟင်း လှူဒါန်းနေစဉ်

လက်ရှိ ပြည်တွင်း၌ ရွေးကောက်ပွဲကို ဖြစ်စေလိုသည့် လူတန်းစားတစ်စု ရှိနေသလို ရွေးကောက်ပွဲ မဖြစ်စေလို သော လူတန်းစားတစ်ရပ်လည်း ရှိနေသည်။

ထို့ကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး မျှော်မှန်းချက်နှင့် အုပ်ချုပ်မည့် အစိုးရ၏ မူဝါဒအပေါ် မူတည်၍လည်း နိုင်ငံ၏စီးပွားရေးမှာ အပြောင်းအလဲ ဖြစ်သွားနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ရွေးကောက်ပွဲ ပြီးမြောက်သွားပါက မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အများအပြား ဝင်ရောက် လာမည်ကို စီးပွားရေး လုပ်ငန်းရှင် အများစုက မျှော်လင့်နေကြသည်။

လက်ရှိ နိုင်ငံရေး အခြေအနေသည် ပြည်သူလူထု အားလုံးအတွက် ကောင်းမွန်သည့် အခြေအနေ မဟုတ်ကြောင်း၊ နိုင်ငံရေး အခြေအနေ မကောင်းပါက စီးပွားရေးလည်း ထိခိုက်မှုများ ဖြစ်လာနိုင်ကြောင်း ဘဏ်ရေးရာ ကျွမ်းကျင် ပညာရှင် ဦးဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရွေးကောက်ပွဲက ဘယ်လိုခေါ်မလဲ အားလုံးအတွက် ထွက်ပေါက်ပေါ့နော်။ ဒီထွက်ပေါက်ကို အားလုံးက ဘယ်လိုနားလည်ကြလဲအပေါ်မှာ မူတည်တာပေါ့။ အားလုံးက နားလည်တဲ့ပုံစံက ဘယ်လိုပြောမလဲ အဆင်ပြေ တယ်ဆိုလို့ရှိရင် ဒါက ကောင်းတဲ့ထွက်ပေါက် ဖြစ်သွားမှာပေါ့။ အားလုံးရဲ့ နားလည်မှုကို ဆရာတို့က မှန်းရတာ တော်တော်လေး ခက်တာပေါ့။ တစ်ခုရှိတယ် အခုလက်ရှိ ရှိနေတဲ့ စီးပွားရေးအားလုံးက နိုင်ငံရေးအပေါ် မူတည်နေ တာဆိုတော့ ပြောရမှာ အကျယ်ကြီးပေါ့။ အရှည်ကြီးပေါ့လေ။ ဆိုတော့ နိုင်ငံရေးအပေါ် မူတည်နေတော့ နိုင်ငံရေး က အားလုံးအတွက် ကောင်းတယ်လို့ ပြောလို့မရဘူး။ နိုင်ငံရေး မကောင်းတဲ့ အခါကျတော့ စီးပွားရေးပတ်ဝန်း ကျင် ထိခိုက်တာပေါ့။ စီးပွားရေးပါ ဆက်သွားတော့ ဒီဥစ္စာကို အားလုံး ကျယ်ပြန့် နားလည်ပြီးတော့ သဘောအမြင် မှန်မှန်ကန်ကန်နဲ့ ကြေညက်ရင်တော့ အားလုံးအတွက် ကောင်းတာပေါ့။ ဒါဆိုရင် အားလုံးအတွက် အဆင်ပြေသွား မှာပေါ့ ဒါကျနော့်အမြင်ကို ပြောတာပေါ့” ဟု ပြောသည်။

နယ်စပ်ကုန်သွယ်ရေး အနေဖြင့် ရွေးကောက်ပွဲ ဖြစ်မဖြစ်အပေါ် အများကြီး သက်ရောက်မှု မရှိကြောင်း၊ အချိန် အတိုင်းအတာ တစ်ခုအနေဖြင့် ဆိုင်ငံ့မှုတစ်ချို့ ဖြစ်ပေါ်လာမည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ရန်ကုန်မြို့တွင်းကိုတွေ့ရစဉ်

ဦးသန့်ဇင်ထွန်းက “ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အရောင်းအဝယ်တွေကတော့ လုပ်နေရမှာပဲလေ။ ဘာလို့လဲဆိုတော့ သူ့ဟာသူ ရွေးကောက်ပွဲ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ဆံပင်ညှပ်တဲ့လူကတော့ ဆံပင်ညှပ်ရမှာပဲ၊ တောင်သူကလည်း တောင်သူအလုပ် လုပ်ရမှာပဲ။ ကုန်သည်ကလည်း ကုန်သည်အလုပ် လုပ်ရ မှာပဲ။ ဘာလို့လဲဆိုတော့ အကုန်လုံးက စားဝတ်နေရေးအတွက် တစ်ခုနဲ့ တစ်ခုပေါ့နော် အချိန်အတိုင်းအတာ တစ်ခုအနေနဲ့ ရပ်တန့်ကောင်း ရပ်တန့်မယ်။ ဒါပေမယ့် လုပ်ရတဲ့ အလုပ်တွေ အားလုံးကတော့ ကိုယ်လုပ်တဲ့ အလုပ်အတွက်ကြောင့် ဒီရွေးကောက်ပွဲ ဖြစ်ခြင်းမဖြစ်ခြင်း၊ လုပ်ခြင်း မလုပ်ခြင်း အပေါ်မှာတော့ နည်းနည်း ပြဿနာရှိလည်း အချိန်တစ်ခုပဲ၊ ပြဿနာမရှိလည်း အချိန်တစ်ခုပဲ ဆိုင်းငံ့တာ ဖြစ်ချင်ဖြစ်မယ်။ ပြီးရင်တော့ သူ့ဟာသူ လည်ပတ်ကြမှာပဲလေ။ လုံးလုံးကြီးပေါ့နော် ရှိခဲ့ဖူးတာက နယ်စပ်ရောင်းဝယ်ရေးမှာ ဥပမာ မြဝတီပဲ ဖြစ်ဖြစ်၊ ဘင်္ဂလားဒေ့ရှ်ပဲဖြစ်ဖြစ် အရောင်းအဝယ်တွေမှာက နှစ်နိုင်ငံ မူဝါဒကြောင့် မြဝတီနယ်စပ်မှာရှိတဲ့ တံတား တွေ ပိတ်လိုက်ပါတယ်၊ ကုန်သွယ်ရေး ပိတ်လိုက်ပါတယ်တို့၊ မူဆယ်မှာရှိတဲ့ လမ်းကြောင်းမှာ ပိတ်လိုက်ပါတယ် တို့၊ ကျန်းမာရေးအရ သော်လည်းကောင်း၊ မျှော်မှန်းမထားတဲ့ အကြောင်းအမျိုးမျိုးကြောင့် ပိတ်တာမျိုးလည်း ရှိ တာပဲလေ။ ပြီးရင်လည်း ပြန်ဖွင့်ကြပြီး ပြန်ရောင်းကြ ဝယ်ကြတာပဲဆိုတော့ အချိန်တစ်ခုပါပဲ။ ရွေးကောက်ပွဲ ရှိခြင်း၊ မရှိခြင်းနဲ့ကတော့ သိပ်ပြီးတော့ နယ်စပ်အရောင်းအဝယ်ကတော့ ရာခိုင်နှုန်း အများကြီး ထိခိုက်မှုတော့ မရှိပါဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပပြီး သွားပါကလည်း ရင်းနှီးမြှုပ်နှံမှုများသည် ချက်ချင်း ဝင်ရောက်လာမည် မဟုတ်ကြောင်း၊ ရွေးကောက်ခံ အစိုးရမှ ချမှတ်မည့် မူဝါဒနှင့် နယ်မြေတည်ငြိမ်မှု အခြေအနေပေါ် မူတည်၍ နိုင်ငံတကာ အသိုင်း အဝိုင်းက စောင့်ကြည့်ကြမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ၆ လကနေ ၁ နှစ်အထိ စောင့်ကြည့်ပြီးမှသာ ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေကြသည်။