CNI News
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ သည် ပြည်ပသံရုံး တစ်ရုံးမှ ပုဂ္ဂိုလ်တချို့နှင့် လျှို့ဝှက်တွေ့ဆုံခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

သို့သော် မည်သည့် ပုဒ်မဖြင့် မည်ကဲ့သို့ အရေးယူသွားမည်ကိုတော့ ဖော်ပြထားခြင်းမရှိပေ။

ဒေါ်သက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင်တို့ ၂ ဦးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခု၌ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့ဖြင့် တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ကြောင်း သတင်းပို့ တိုင်ကြားမှုရှိခဲ့သည်ဟု UEC က ထုတ်ပြန်ခဲ့သည်။

ထိုအခြေအနေကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ မှန်ကန်ကြောငာ်း တွေ့ရှိရသည့်အပြင် ဒေါ်သက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင်တို့က မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ထို့ကြောင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟု UEC က ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီများ အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇(ဂ)၊ ၄၀၈ နှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၆(စ) ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံခြား တိုင်းပြည်တစ်ခုခု အစိုးရ(သို့) ဘာသာရေး အဖွဲ့အစည်း(သို့) အခြားအဖွဲ့အစည်း တစ်ခုခု (သို့) လူပုဂ္ဂိုလ် တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြား အထောက်အပံ့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူသုံးစွဲခြင်း(သို့) ယင်းတို့ ဩဇာခံခြင်း မပြုရေးကို စောင့်ထိန်းလိုက်နာရန် တာဝန်ရှိပြီး ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဖြစ်ကြောင်း UEC က ထုတ်ပြန်ထား သည်။