CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၏ဥက္ကဋ္ဌ နေရာကနေ ဒေါက်တာသက်သက်ခိုင် နုတ်ထွက်သွားပြီဖြစ်၍ ဦးစောဟန်အေးက ပြောင်းလဲတာဝန်ယူလိုက်ကြောင်း သိရသည်။

ဒေါက်တာသက်သက်ခိုင်နှင့် ဒေါ်ထက်ထက်လှိုင်တို့ ၂ ဦးသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခု၌ ပြည်ပသံရုံးတစ်ရုံးမှ ပုဂ္ဂိုလ်တချို့ဖြင့် တရားမဝင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ခြင်းကြောင့် ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

သို့သော် မည်သည့် ပုဒ်မဖြင့် မည်ကဲ့သို့ အရေးယူသွားမည်ကိုတော့ ဖော်ပြခဲ့ခြင်းမရှိသလို ယနေ့အထိလည်း မည်ကဲ့သို့ အရေးယူထားသလဲ အသိပေးခြင်းမရှိသေးပေ။

ထို့နောက် ဒေါက်တာသက်သက်ခိုင်သည် PPP ပါတီဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီး ဂုဏ်ထူးဆောင် နာယကအနေဖြင့် တာဝန်ယူသွားမည်ဖြစ်သည်။

ဒေါက်တာသက်သက်ခိုင်သည် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဝင် အနေဖြင့် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း၊ ပါတီဥက္ကဋ္ဌ တာဝန်ကို မိမိက တာဝန်ယူမည်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဦးစောဟန်အေးက CNI သတင်းဋ္ဌာနသို့ ပြောသည်။

ဒေါက်တာသက်သက်ခိုင်ကို အရေးယူမည်လို့ UEC ထုတ်ပြန်ခဲ့စဉ်

၎င်းက “ဒီလိုပါ ကျနော်တို့ကလည်း လက်ဆင့်ကမ်း တာဝန်ယူမှုတွေ ရှိပါတယ်။ ဒါကြောင့်မို့ လက်ရှိ သူကတော့ ဂုဏ်ထူးဆောင် နာယကအနေနဲ့ပဲ ဆက်ပြီးတော့နေမှာပါ။ ဥက္ကဋ္ဌရာထူးကိုတော့ ကျနော်က ဆက်ခံပြီးတော့၊ ကျန် တာ CEC တိုးချဲဖွဲ့စည်းတာပါ၊ မထွက်ပါဘူး။ ပါတီကတော့ နုတ်ထွက်တာ မဟုတ်ပါဘူး။ သူက ပါတီဝင် အနေနဲ့ လည်း ရှိတယ်၊ ဂုဏ်ထူးဆောင် နာယကအနေနဲ့လည်း ရှိနေမှာပါ။ အဓိက,ကတော့ CEC ဗဟိုအလုပ်အမှုဆောင် တာဝန် မရှိတော့တာပေါ့၊ အဲ့ဒီသဘောပါ။ ဂုဏ်ထူးဆောင် နာယကအနေနဲ့ ဆက်ရှိနေမှာပေါ့နော်။ နောက် ပါတီရဲ့ HR ကော်မတီဥက္ကဋ္ဌပေါ့။ HR ကော်မတီဥက္ကဋ္ဌဆိုတာ လူစွမ်းအားအရင်းအမြစ် ကော်မတီဥက္ကဋ္ဌလေ၊ အဲ့ဒါအနေနဲ့ပဲ သူက အားဖြည့်ပြီး ရှိနေမှာပါ။ အဓိက,ကတော့ ပါတီရဲ့ CEC တာဝန်ပေါ့။ ဥက္ကဋ္ဌတာဝန်ကနေပဲ အနားယူလိုက် တာပါ ”ဟု ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်က စတင် တည်ထောင်ခဲ့ပြီး ဒေါက်တာ သက်သက်ခိုင်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

ဒေါက်တာသက်သက်ခိုင်၏ ဥက္ကဋ္ဌရာထူးမှ အနားယူခြင်းသည် သီးခြားကိစ္စ မရှိကြောင်း၊ လက်ဆင့်ကမ်းသည့် သဘောဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဦးစောဟန်အေးက CNI သတင်းဋ္ဌာနသို့ ပြောသည်။

ဒေါက်တာသက်သက်ခိုင်ကို တွေ့ရစဉ်

၎င်းက “အခု ကျနော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့လည်း အားဖြည့်ဖွဲ့စည်းထားတယ်။ တချို့ CEC အသစ်တွေ လည်း ပြန်ပါလာတယ်၊ တိုင်းနဲ့ပြည်နယ် အဆင့်တွေလည်း ကျနော်တို့ ပြန်ပြီးတော့ ပြန်လည်ဖွဲ့စည်းပြီးတော့ အား ဖြည့်ဆောင်ရွက်မှာပါ။ အန်ကယ်တို့ အခု ဒီလွှတ်တော် ကိုယ်စားလှယ် အယောက် ၂၀ ရောက်မယ်လေ။ ၂၀ ကို အခုပဲ ၅ ရက် သင်တန်းပေးပြီးသွားပြီ၊။ မနေ့ကပဲ သင်တန်းဆင်းသွားတယ်။ သင်တန်းဆင်းတော့ သူတို့လွှတ်တော် မှာ ဆွေးနွေးမယ့် ဆွေးနွေးချက်တွေ၊ ဒီက ပါတီဘက်က ပံ့ပိုးပေးရမယ့်ကိစ္စတွေ ဒါလေးတွေ ညှိနှိုင်းပြီးတော့ ဒီနေ့ စပြန်သွားကြတာပေါ့။ အဲ့ဒါတော့ သီးခြားတော့ မရှိဘူး။ သီးခြားတော့ မရှိပါဘူး။ အန်ကယ်တို့က လက်ဆင့်ကမ်း တာဝန်ယူတဲ့ စနစ်ဖြစ်တယ်။ အန်ကယ်တို့ ပါတီကလည်း လူငယ်တွေ လူလတ်တွေ၊ အမျိုးသမီးတွေ၊ တိုင်းရင်း သားတွေ ဦးစားပေးတဲ့ ပါတီဖြစ်တဲ့ အချိန်တစ်ခု ရောက်တာတဲ့အခါမှာ ဒါဒီလိုပဲ လက်လွဲပြီးတော့ တာဝန် ထမ်း ဆောင်ကြရတာပါ။ အန်ကယ်တို့လည်း နောက်အချိန် တစ်ခုရောက်ရင် လက်လွှဲပေးရမယ့် တာဝန်ရှိပါတယ်။ အဓိက ကတော့ မျိုးဆက်သစ်တွေကို အန်ကယ်တို့ ရှေ့ဆက်ပြီးတော့ လျှောက်နိုင်‌အောင်ပေါ့နော်၊ ဒါလက်ဆင့်ကမ်းတဲ့ သဘောပါ ပဲ” ဟု ပြောသည်။

ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရှိခဲ့ပေ။

ထို့နောက် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၅၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ်လောင်း ၂၀ ဦး ရွေးချယ်ခံခဲ့ရသည်။

ဒေါက်တာသက်သက်ခိုင်သည် PPP ပါတီဥက္ကဋ္ဌ ရာထူးကနေ နုတ်ထွက်သွားခြင်းမရှိလျှင် UEC က အရေးယူမှု စတင်ခဲ့ပါက ပါတီဖျက်သိမ်းခံရနိုင်ခြေ ရှိသည့်အတွက် ယခုလို ဥက္ကဋ္ဌရာထူးကနေ နုတ်ထွက်သွားခြင်း ဖြစ်နိုင် သည်ဟု နိုင်ငံရေးအသိုင်းအဝန်းကြားမှာ ထောက်ပြလျက်ရှိနေသည်။