CNI News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၈
နစက ကျင်းပမည့် ရွေးကောက်ပွဲကို စနစ်နှစ်မျိုးဖြင့် လုပ်ဆောင်ခြင်းက ပြည်သူလူထုကို ခေါင်းရှုပ်စေကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ဇူလိုင် ၂၈ ရက်တွင် ပါတီသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောသည်။
အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ရွေးကောက်ပွဲစနစ်နှင့်ပတ်သက်၍ ပါတီကြီးအချို့နှင့် တိုင်းရင်းသားပါတီများကြား သဘောထား ကွဲလွဲမှုများ ရှိနေကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောသည်။
၎င်းက “ကျမ အခုကြားတာပေါ့နော်။ ကျမကတော့ ပြီးခဲ့တဲ့ ၄ နှစ်က နစကမှာဆိုတော့ ကျမတို့ ပါတီအနေနဲ့တော့ UEC က ဖိတ်ကြားတဲ့ အစည်းအဝေးတွေကို တက်ရောက်ပါတယ်။ အဲဒီမှာ ပါတီတွေရဲ့အသံပေါ့နော်။ USDP က လွဲ၍ပေါ့ ဒါကျမရဲ့ နားလည်ချက်ပေါ့။ အတိအကျလည်း မှန်ချင်မှမှန်မယ်။ USDP ကတော့ FPTP ကို ကြိုက် တယ်။ ဒါပေမယ့် တခြားပါတီအငယ်တွေ၊ တိုင်းရင်းသားပါတီတွေက PR ကို ကြိုက်တယ်။ အဲဒီလိုမျိုး သဘော အသံတွေ ထွက်ကြပါတယ်။ အသံတွေ ထွက်ပြီးတော့မှ ကျမ အခုကြားနေတာပေါ့နော် မှန်ချင်လည်းမှန်မယ်၊ မှန်ချင်မှလည်း မှန်မယ်။ ပြည်သူ့လွှတ်တော်တစ်ခုကတော့ FPTP နဲ့သွားမယ်။ ကျန်တဲ့ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကတော့ PR နဲ့သွားမယ်ဆိုပြီး ပြောမယ်ဆို Hybrid လိုပေါ့။ ဒီရွေးကောက်ပွဲစနစ် နှစ်ခု ကို တစ်ပြိုင်နက် ကျင့်သုံးတာ၊ ရောပြီးကျင့်သုံးတာ။ အဲဒါ ပြည်သူလူထုကို မျက်စိ၊ ခေါင်းရှုပ်စေမယ်လို့ ထင်ပါ တယ်။ ပြည်သူလူထု နားလည်မှု ပိုခက်မယ်လို့ ထင်ပါတယ်။ တကယ်လို့ PR လုပ်မယ်ဆို PR ပဲလုပ်လိုက်ပြီး PR ဆိုတာဘာလဲ ပါတီကိုမဲပေးရမယ်။ ပါတီရဲ့ကိုယ်စားလှယ်တွေကိုတော့ ပါတီက တာဝန်ယူပြီးတော့မှ ကိုယ့် ကိုယ်စားလှယ်တွေ ကောင်းဖို့အတွက် ပါတီက ရွေးချယ်ရမယ့် တာဝန်ရှိတယ်။ နောက်ကြောင်း ရာဇဝင်ရှင်းဖို့၊ ရာဇဝတ်မှု ကင်းရှင်းဖို့တို့၊ လိမ်လည်တာတွေ မရှိဖို့လိုအတွက်တော့ ပြည်ထဲရေးတို့ ဘာတို့ကနေ နောက်ကြောင်း ရာဇဝင်လိုက်ပြီးတော့ UEC က လုပ်ရမယ်ပေါ့” ဟု ပြောသည်။
နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
နစကမှ ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်က ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) က CNI သတင်းဌာနသို့ ပြောထားသည်။
သို့သော် လက်ရှိတွင် USDP အပါအဝင် တိုင်းရင်းသားပါတီအချို့တို့မှ လူပုဂ္ဂိုလ်များအပေါ် အသက်အန္တရာယ် စိုးရိမ်စရာ ကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံရေးပါတီများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြသည်။
ထို့ကြောင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲစနစ် နှစ်ခုထဲ၌ PR စနစ်တစ်မျိုးတည်းကိုသာ ကျင့်သုံးစေချင်သည့် နိုင်ငံရေးပါတီများလည်းရှိသည်။
PR စနစ်သည် ကိုယ်စားလှယ်လောင်း မည်သူမည်ဝါဖြစ်ကြောင်း မသိရဘဲ ပါတီကိုသာ မဲပေးကာ ရွေးချယ်ရခြင်း ဖြစ်သည့်အတွက် အကောင်း၊အဆိုး နှစ်မျိုးစလုံးရှိသည့် စနစ်တစ်ခုလည်း ဖြစ်သည်။
၂၀၁၅ ခုနှစ်က ကျင်းပသည့် ရွေးကောက်ပွဲ၌ FPTP စနစ်ဖြစ်သော်လည်း ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ် လောင်းထက် NLD ပါတီကိုသာ ကြည့်၍ လူထုက မဲပေးခဲ့ကြသောကြောင့် ပါတီကိုမဲပေးခြင်းက လူထုအတွက် စဉ်စားဆုံးဖြတ်ရ ပို၍လွယ်ကူမည်ထင်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောသည်။
နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံစဉ်
၎င်းက “ကောင်းတာနဲ့ မကောင်းတာ ဒွန်တွဲနေတာပေါ့နော်။ ကောင်းတာကတော့ ဘာရှိလဲဆိုရင် ရွေးကောက်ပွဲ အောင်မြင်ဖို့ ပိုများတယ်။ ပြီးတော့ လုံခြုံရေးအရ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးအရ ပိုကောင်းတယ်။ သို့သော်လည်း ပါတီက တာဝန်ပိုကြီးတယ်။ ပါတီက သူက ရွေးထားရတာကို။ ပြည်သူက ရွေးတာ မဟုတ်ဘဲ ပါတီက ရွေးထားတာဆိုတော့ ပါတီက တာဝန်ပိုကြီးတယ်။ ပြီးရင် ပါတီကတော့ အနည်းဆုံးတော့ သူ့ရဲ့ မူဝါဒတွေကို ပြောထားရမှာပေါ့။ ဘယ်သူပဲလာလာ၊ ဘယ်သူပဲ ကိုယ်စားလှယ်လောင်းအနေနဲ့၊ ကိုယ်စားလှယ် အနေနဲ့ ထည့်ထည့် ပါတီရဲ့မူဝါဒကိုပဲ တစိုက်မတ်မတ် အကောင်အထည် ဖော်ရမှာဆိုတော့ ပါတီက ပိုပြီးတာဝန် ကြီး သွားတယ်။ ပြည်သူလူထု အနေနဲ့ကြည့်ရင်ကြတော့ လူကိုတော့ ရွေးလို့မရတော့ဘဲနဲ့ ပါတီကိုပဲ ရွေးရတာ။ အဲဒီပါတီကို ဘာကို ကြည့်မလဲဆို ပါတီဦးဆောင်တဲ့သူ၊ ပါတီရဲ့မူဝါဒတွေကို ကြည့်ပြီး ရွေးရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ကလည်း အဲဒီလိုပဲ ဖြစ်ခဲ့တာလေ။ ၂၀၁၅ ကဆိုရင် NLD ကိုပဲ မဲပေးခဲ့ကြတာ၊ ကိုယ်စားလှယ် လောင်း ဖြူသည် မဲသည် မသိဘူးပေါ့။ ပါတီကိုပဲ မဲပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါ FPTP လိုမျိုး အချိန်မှာတောင် မှ ဒီလိုပဲ ပါတီကိုပဲကြည့်ပြီး မဲပေးခဲ့ကြတာပေါ့။ အဲဒါကြောင့် ပြည်သူလူထု အနေနဲ့ စဉ်းစားဆုံးဖြတ်ရတာ ပိုပြီး လွယ်ကူမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
FPTP စနစ်၏ သဘောကတော့ မဲဆန္ဒနယ်တစ်ခု၌ ဆန္ဒမဲအများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ ရွေးကောက်တင်မြှောက်သည့် စနစ်ဖြစ်ပြီး PR စနစ်သည် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီး ပုဂ္ဂလများရရှိသည့် ဆန္ဒမဲအရေအတွက်အပေါ် မူတည်ကာ လွှတ်တော်ကိုယ်စားလှယ် နေရာများကို အချိုးကျ ခွဲဝေရရှိနိုင်သည့် ရွေးကောက်ပွဲစနစ်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်သော်လည်း နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဦးစား ပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်း UEC က CNI သတင်းဌာနသို့ ပြောထားသည်။