CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတို့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား စနစ်နှစ်မျိုးဖြင့် ပြုလုပ်ရာတွင် မည်ကဲ့သို့ ဖြစ်သင့်သည်ဆိုသည့်အပေါ် နိုင်ငံရေးသမားများကြား သုံးသပ်ဆွေးနွေး လျက်ရှိကြ သည်။
နစကမှ ကျင်းပမည့် ရွေးကောက်ပွဲတွင် ယခင်က ကျင့်သုံးခဲ့သည့် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) စသည့် စနစ် ၂ မျိုးဖြင့် ကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်(UEC) က CNI သတင်းဌာနသို့ ပြောသည်။
မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP) ကို ကျင့်သုံးခဲ့သော်လည်း အာဏာသိမ်းမှုများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်(PR) ကို လွှတ်တော်နှစ်ရပ်တွင် စမ်းသပ်လုပ်ဆောင်ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ကိုက်ညီမှု ရှိမလားဆိုသည့်အပေါ် မျှော်လင့်ချက်ရှိကြောင်း တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။
ရွေးကောက်ပွဲ မဲထည့်နေစဉ်
၎င်းက “ကျနော်တို့ FPTP ကိုလည်း ကျင့်သုံးခဲ့ကြပြီးပြီလေ။ ၂၀၀၈ အခြေခံဥပဒေအရ အာဏာမသိမ်းရအောင် အခု အာဏာသိမ်းတဲ့ ကိစ္စတွေကအစ ပေါ်ပေါက်လာတာလေ။ PR စနစ်နဲ့ကျင့်သုံးမယ်ဆို အချိုးကျကိုယ်စားပြု စနစ်နဲ့သွားကြမယ်ဆိုရင်တော့ ဘယ်လိုပုံစံ ဖြစ်လာနိုင်လဲဆိုတာ စတင်ကျင့်သုံးတဲ့ ပုံစံလေးတွေလို့ ပြောလို့ ရတာပေါ့။ မြို့နယ်တွေမှာ ၂ ဦးဖြစ်တဲ့ အခါကြတော့ PR နဲ့လုပ်ရင် ပိုအဆင်ပြေတယ်ပေါ့။ PR ဆိုတဲ့ အမျိုးက ၂ ဦးရှိရင်တော့ ကျင့်သုံးလို့ရပြီလေ။ ပြည်သူ့လွှတ်တော်ကတော့ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ လုပ်မယ်ဆိုရင်တော့ PR ကျင့်သုံးလို့ သိပ်မရဘူးလို့ ကျနော်အနေနဲ့မြင်တယ်။ ဘာကြောင့်ဆို သူက လူဦးရေ အခြေခံ၍သော်လည်း ကောင်း၊ မြို့နယ်အခြေခံ၍သော်လည်းကောင်း ၂၀၀၈ မှာ ပြဋ္ဌာန်းထားတဲ့ အခါကြတော့ အဲဒါကတော့ သူက FPTP ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့။ အမျိုးသားလွှတ်တော်ကြတော့ တိုင်းနဲ့ပြည်နယ်တစ်ခုမှာ ၁၂ ယောက်နှုန်းဆိုတော့ မဲဆန္ဒနယ် ကျယ်ကျယ်ဝန်းဝန်း ကျင်းပလိုက်ရင်တော့ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုကို မဲဆန္ဒနယ် တစ်ခုစီပေါ့ နော် အဲဒီလို သတ်မှတ်လိုက်မယ်ဆိုရင်တော့ အဲဒါလေးကလည်း PR ကျင့်သုံးလို့ရတာပေါ့။ တိုင်းရင်းသားရေးရာ လွှတ်တော်ကိုယ်စားလှယ်ကြတော့ FPTP နဲ့ သွားရပါလိမ့်မယ်။ အဆင်ပြေတာ မပြေတာထက် မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ကိစ္စလေးတော့ လုပ်ရင်းလုပ်ရင်းနဲ့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထိုရွေးကောက်ပွဲ ကို အပိုင်းလိုက် ကျင်းပသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က CNI သတင်းဌာနသို့ ပြော သည်။
နယ်မြေဒေသ အခြေအနေအရ ကန့်သတ်ချက်ရှိသည့် နယ်မြေများမှလွဲ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် ဦးစားပေး အစီအစဉ်အတိုင်း အပိုင်းခွဲ၍ ကျင်းပရန် လျာထားကြောင်း သိရသည်။
အသေးစိတ်ကိုမူ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းထုတ်ပြန်ပြီးပါက သိရှိရမည်ဖြစ်ကြောင်း UEC က ပြောသည်။
နစကဥက္ကဋ္ဌနဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံကြစဉ်
နိုင်ငံတစ်ဝှမ်း နယ်မြေမတည်ငြိမ်မှု အများအပြား ဖြစ်ပွားနေသည့် ကာလတွင် နစက ကျင်းပမည့် ရွေးကောက်ပွဲ သည် ပြည်သူအားလုံးအပေါ် မည်သည့် အတိုင်းအတာအထိ ကိုယ်စားပြုသလဲဆိုသော မေးခွန်းများစွာရှိကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကြောင့် သူတို့မှာ စနစ်လည်း ခိုင်ခိုင်မာမာ မရှိဘူး။ ဘယ်နယ်မြေမှာ လုပ်မလဲ။ ပထမနေပြီး တိုင်းပြည်ရဲ့ နိုင်ငံတစ်ဝက်မှာလုပ်မယ်။ နောက်ပိုင်း ၁၁၀ လုပ်မယ်။ နောက် ရက်ပိုင်းကနေပြီး ၈၀ လောက် လုပ်မယ်တဲ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ပြောတယ်။ အခုတစ်ခါ ၂၀၀ ကျော် ၂၆၀ ဘာညာဆိုပြီး သတင်းတွေ ထွက်တယ်။ ဘယ်လိုလုပ်လို့ရမလဲ။ ဒီနေ့နိုင်ငံမှာ ကျနော်တို့ တိုင်းပြည်ထဲမှာ ဒီအာဏာရူးတွေ ဘယ်လောက် အထိ သူတို့ အာဏာကို တကယ်စိုးမိုးထားတဲ့နယ်မြေ ဘယ်လောက်ရှိလဲ၊ ဘယ်နှစ်မြို့နယ်ရှိလဲ ပြန်ပြီးရှာရမယ်။ မြို့နယ်ဆိုတဲ့ဟာမှာ မြို့နယ်ရော၊ ရပ်ကျေးရော၊ ကျေးရွာတွေရော အဲဒီဟာတွေ အကုန်လုံးကို ဆိုလိုတာ ဖြစ် တယ်။ သူတို့တပ်ချထားတဲ့ နေရာနဲ့ ကွက်ကွက်လေးကို ပြောတာမဟုတ်ဘူး။ အဲဒီတော့ ပြည်သူကို ဘယ်လောက် ထိ ကိုယ်စားပြုလဲဆိုတဲ့ မေးခွန်းတွေက အများကြီး ဒီကိစ္စတွေရဲ့ အနောက်မှာရှိတယ်” ဟု ပြောသည်။
FPTP စနစ်၏ သဘောကတော့ မဲဆန္ဒနယ်တစ်ခု၌ ဆန္ဒမဲအများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ ရွေးကောက်တင်မြှောက်သည့် စနစ်ဖြစ်ပြီး PR စနစ်သည် နိုင်ငံရေးပါတီ သို့မဟုတ် တစ်သီး ပုဂ္ဂလများရရှိသည့် ဆန္ဒမဲအရေအတွက်အပေါ် မူတည်ကာ လွှတ်တော်ကိုယ်စားလှယ်နေရာများကို အချိုးကျ ခွဲဝေရရှိနိုင်သည့် ရွေးကောက်ပွဲစနစ်ဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ မဲအများဆုံးရသူ အနိုင်ရစနစ် ကျင့်သုံးသည့် နိုင်ငံပေါင်း ၇၄ နိုင်ငံ၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးသည့် နိုင်ငံပေါင်း ၁၁၁ နိုင်ငံနှင့် အခြားစနစ်များကျင့်သုံးသည့် နိုင်ငံ ၈ နိုင်ငံရှိ ကြောင်း သိရသည်။