CNI International News
ဘန်ကောက်၊ ဇူလိုင် ၂၈
ထိုင်းနိုင်ငံအတွင်းရှိ ကမ္ဘောဒီးယားနိုင်ငံသားများကို မတိုက်ခိုက်ရန် ထိုင်းအစိုးရက ထိုင်းလူငယ်များကို တိုက်တွန်း ခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
တိုက်ခိုက်မှုများကို ကျူးလွန်သူများအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဥပဒေဖြင့် အရေးယူသွားမည်ဟု ထိုင်းအစိုးရက ပြောသည်။
ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အနူကူလ် ပရွတ်ဆန်နူဆက် (Anukool Pruksanusak) က နယ်စပ်ပြဿနာ ကြောင့် ကမ္ဘောဒီးယား နိုင်ငံသားများကို တိုက်ခိုက်နေခြင်းကို ရှောင်ကြဉ်ရန် ထိုင်းလူငယ်များကို တိုက်တွန်း ခဲ့သည်။
မကြာသေးမီက ထိုင်းလူငယ်များက ကမ္ဘောဒီးယား နိုင်ငံသားများကို တိုက်ခိုက်မှုသည် လက်မခံနိုင်ဘဲ လူမဆန်ကြောင်း အနူကူလ်က ပြောကြားခဲ့သည်။
မိမိတို့ အနေဖြင့် ထိုင်းနိုင်ငံသားများ၊ အထူးသဖြင့် အွန်လိုင်းပေါ်တွင် ဗွီဒီယိုများတင်သည့် လူငယ်များကို စိတ်ခံစားချက်အား ရှေ့တန်းမတင်ရန်၊ ထိုင်းတွင် နေထိုင်သည့် ကမ္ဘောဒီးယား နိုင်ငံသားများသည် နယ်စပ် ပဋိပက္ခနှင့် ပတ်သက်မှုမရှိကြောင်း၊ တိုက်ခိုက်မှုများသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စည်းကမ်း များအား ချိုးဖောက်ကြောင်း အနူကူလ်က ပြောသည်။
ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ အနူကူလ် ပရွတ်ဆန်နူဆက်ကို တွေ့ရစဉ်
ရဲတပ်ဖွဲ့အနေဖြင့်လည်း ကမ္ဘောဒီးယား ရွှေ့ပြောင်းနေထိုင်သူများ အများဆုံးနေထိုင်သည့် နေရာဒေသများတွင် ကင်းလှည့်မှုများ တိုးမြှင့်ရန် အစိုးရက ညွှန်ကြားထားကြောင်း အနူကူလ်က ပြောသည်။
အစိုးရအဖွဲ့သည် စစ်တပ်နှင့်အတူ နယ်စပ်ဒေသ ပြဿနာကို နိုင်ငံတကာ စည်းကမ်းများနှင့်အညီ ဖြေရှင်းနေ ကြောင်း၊ ထိုင်းနိုင်ငံသည် တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံချိန်များကို လေးစား လိုက်နာကြောင်း ၎င်းက ဆိုသည်။
“အကြမ်းဖက်မှုဟာ ဖြေရှင်းနည်း မဟုတ်ပါဘူး။ အထူးသဖြင့် အပြစ်မရှိတဲ့ လူတွေကို တိုက်ခိုက်တာမျိုးပေါ့။ အရပ်သားတွေ ထိခိုက်စေတဲ့ လုပ်ရပ်တွေကို ရှုတ်ချဖို့ လူထုကို တိုက်တွန်းပါတယ်” ဟု အနူကူလ်က ပြောသည်။
အစိုးရသည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်တွင် နေထိုင်သည့် ထိုင်းပြည်သူများ၏ လုံခြုံရေးကိုလည်း စိုးရိမ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
Source: The Nation