CNI International News

နယူးဒေလီ၊ ဧပြီ ၂၂

အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) ၏ အစိုးရအဖွဲ့သည် ဂြိုဟ်တု ထုတ်လုပ်ရေးနှင့် ဂြိုဟ်တု လွှတ်တင်ရေး ယာဉ် အစိတ်ပိုင်းများ ထုတ်လုပ်ရေးတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်အတွက် အာကာသကဏ္ဍ၌ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒကို ပြင်ဆင်ပြောင်းလဲခဲ့ကြောင်း Eur Asian Times မှ ဖော်ပြခဲ့သည်။

Tesla နှင့် SpaceX စီအီးအို အီလွန် မာ့စ် (Elon Musk) သည် အိန္ဒိယသို့ ဧပြီ ၂၁ ရက်မှ ၂၂ ရက်အထိ လာရောက် မည့် ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် အိန္ဒိယအစိုးရ၏ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အီလွန်မာ့စ်သည် ၎င်း၏ အလုပ်တာဝန်များကြောင့် ထိုခရီးစဉ်ကို ရက်ရွှေ့ဆိုင်းခဲ့ပြီး ယခုနှစ်ကုန်ပိုင်းတွင် အိန္ဒိယသို့ လာရောက်မည်ဟု ပြောကြားခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလ အစောပိုင်းက အိန္ဒိယအစိုးသည် ဂြိုဟ်တုများ ထုတ်လုပ်ရာတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများ နှင့် ပုဂ္ဂလိက ကုမ္ပဏီများကို ဆွဲဆောင်ရန် အာကာသကဏ္ဍ၌ ပြည်ပရင်းနှီးမြှုပ်နှံမှု (FDI) စံချိန်စံညွှန်းများအား ဖြေလျှော့ပေးခဲ့သည်။

ထို့နောက် ဧပြီ ၁၆ ရက်တွင် အာကာသကဏ္ဍအတွက် FDI မူဝါဒကို ပြင်ဆင်ပြောင်းလဲကြောင်း အစိုးရပြန်တမ်း ထုတ်ပြန်ခဲ့ပြီး ဂြိုလ်တုနှင့်တစ်ကွ ဆက်စပ်ပစ္စည်းများ၊ စနစ်များ ထုတ်လုပ်ရေး၌  ပြည်ပရင်းနှီးမြှုပ်နှံမှုကို ၁၀၀ ရာခိုင်နှုန်း ခွင့်ပြုပေးခဲ့သည်။

အိန္ဒိယက အာကာသထဲ ဒုံးကျည်ပစ်လွှတ်နေစဉ်

အီလွန်မာ့စ်၏ Starlink ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနက လက်ခံရယူမည် ဖြစ်ပြီး အိန္ဒိယတွင် ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများအတွက် အီလွန်မာ့စ်၏ ကုမ္ပဏီကို ကန်ထရိုက်ပေးရန် မူအရ အတည်ပြုပေးခဲ့ပြီးဖြစ်သည်။

SpaceX ကုမ္ပဏီ၏ ဂြိုဟ်တု အင်တာနက် ဝန်ဆောင်မှုကို ကမ္ဘာ့နိုင်ငံပေါင်း ၇၀ တွင် လွှမ်းခြုံထောက်ပံ့ ပေးထား ပြီး ထိုဂြိုဟ်တု အင်တာနက် ထောက်ပံ့သည့် ဂြိုလ်တုအစုအဝေးသည် ကမ္ဘာ့ပတ်လမ်း အနိမ့်၌  တည်ရှိလျက်ရှိသည်။

ထို့နောက် တစ်ကမ္ဘာလုံးကို အင်တာနက်ဝန်ဆောင်မှု ထောက်ပံ့ပေးရန် မျှော်မှန်းထားသည်။

Starlink မှတစ်ဆင့် အိန္ဒိယစျေးကွက်တွင် ဝန်ဆောင်မှုပေးမည့် အစီအစဉ်နှင့် ဆက်စပ်သည့် အရေးကိစ္စများကို အစိုးရနှင့် ဆွေးနွေးနေသူများအနက် Agnikula Cosmos၊ Bellatrix Aerospace၊ Skyroot Aerospace၊ Dhruva Space၊ Pixxel၊ SatSure၊ နှင့် Digantara တို့ကဲ့သို့ အာကာသနည်းပညာ startup ကုမ္ပဏီတည်ထောင်သူများ ပါဝင်သည်။

အိန္ဒိယအစိုးရသည် အာကာသနယ်ပယ်တွင် ပုဂ္ဂလိက၏ ပါဝင်မှုအခန်းကဏ္ဍကိုလည်း မြှင့်တင်ရန် တွန်းအားပေး လုပ်ဆောင်လျက်ရှိသည်။

Source: Eur Asian Times