CNI International News

နယူးဒေလီ၊ ဧပြီ ၂၃ 

ပြီးခဲ့သည့်လက အိန္ဒိယ၏ ရူပီးငွေကြေးသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက သိသာစွာ ကျဆင်းခဲ့ပြီးနောက် အိန္ဒိယသည် ၎င်း၏ ရူပီးငွေကြေး (INR) ကို ခိုင်မာသည့် ကမ္ဘာ့အရန်ငွေကြေး ဖြစ်လာစေရန် မျှော်မှန်းထားသည် ဟု Economic Times မှ ဖော်ပြခဲ့သည်။

နိုင်ငံတကာ ဈေးကွက်တွင် ရူပီးငွေကြေး၏ ဝယ်ယူမှု အင်အားသည် လျော့ကျခဲ့ပြီး သွင်းကုန်ဝယ်ယူမှုများ သိသာစွာ မြင့်တက်ခဲ့သဖြင့် ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ရူပီးငွေတန်ဖိုးများ ကျဆင်းခဲ့ခြင်းဖြစ်သည်။

ရေနံ သွင်းကုန်များအပေါ် အလွန်အမင်း မှီခိုနေရသည့် အိန္ဒိယသည် ထိုကဲ့သို့ ရူပီးငွေတန်ဖိုး လျော့ကျမှုကို ဆိုးရွားစွာ ခံစားခဲ့ရသည်။

ထိုအခြေအနေကို တုန့်ပြန်သည့် အနေဖြင့် ပြီးခဲ့သည့်နှစ် ဇူလိုင်လက အိန္ဒိယသည် ယူအေအီးထံမှ ရေနံများ ဝယ်ယူရာတွင် ရူပီးငွေကြေးဖြင့် ပေးချေရန် သဘောတူ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုလုပ်ဆောင်ချက်သည် ပြဿနာကို သွယ်ဝိုက်ဖြေရှင်းသည့် စီမံဆောင်ရွက်ချက်ဖြစ်ပြီး ရုရှားထံမှရေနံများ ဝယ်ယူမှုကိုလည်း ရူပီးငွေကြေးဖြင့်သာ ပေးချေရန် လုပ်ဆောင်ခဲ့သည်။

အိန္ဒိယရဲ့ ရူပီးငွေကို တွေ့ရစဉ်

လက်ရှိတွင် အိန္ဒိယသည် နိုင်ငံပေါင်း ၃၉ နိုင်ငံမှ ရေနံစိမ်းများကို တင်သွင်းဝယ်ယူလျက်ရှိသည်။

အိန္ဒိယသည် ယူအေအီး၊ ရုရှားတို့နှင့် သဘောတူညီမှုများကဲ့သို့ အခြားနိုင်ငံများထံမှ ရေနံဝယ်ယူမှုများကိုလည်း ရူပီးဖြင့် ပေးချေနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထို့ပြင် အိန္ဒိယ၏ အရန်ငွေကြေးဘဏ် (RBI) ကလည်း ထိုင်းတွင် အိန္ဒိယရူပီး အသုံးပြုခွင့် ရရှိစေရန် ဆွေးနွေး မှုများ ပြုလုပ်နေသည်။

ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အိန္ဒိယခရီးသွားများသည် ထိုင်းသို့ ပိုမိုသွားရောက်နိုင်မည်ဖြစ်သလို ထိုင်းအတွက်လည်း အကျိုးရှိစေမည်ဖြစ်သည်။

RBI သည် ရူပီးငွေကြေးဖြင့် ကုန်သွယ်မှုများ ပြုလုပ်ရန် နိုင်ငံပေါင်း ၁၉ နိုင်ငံနှင့် ဆွေးနွေးလျက်ရှိပြီး ထိုနိုင်ငံများမှ ဘဏ်များကို ငွေကြေးပေးချေမှုများအတွက် အထူး Vostro ရူပီး အကောင့်များ (SVRAs) ဖွင့်ခွင့်ပြုခြင်းအားဖြင့် သဘောတူညီမှုရရှိရန် လုပ်ဆောင်နေသည်။

ထိုလုပ်ဆောင်ချက် အားလုံးသည် ပြည်ပ ငွေကြေး ပေးချေမှုများတွင် ဒေါ်လာအစား ရူပီးကို အသုံးပြုနိုင်မည့် စီမံဆောင်ရွက်ချက်များဖြစ်ပြီး ရူပီးကို နိုင်ငံတကာသုံး ငွေကြေးအဖြစ် ရည်မှန်းထားခြင်း ဖြစ်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

Source: Economic Times