CNI News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

ပြည်ပနိုင်ငံများသို့ မြန်မြန်ဆန်ဆန်ဖြင့် သွားရမည်ဖြစ်ပြီး ထိုနိုင်ငံသို့ ရောက်ရှိပါကလည်း အလုပ်အကိုင် ချက်ချင်း ရမည်ဟုဆိုကာ ခေါ်ယူနေသည့် အေဂျင်စီများနှင့် ပွဲစားများကို သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အနေ ဖြင့် သတိထားသင့်သည်ဟု တရားဝင်အေဂျင်စီများက CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပနိုင်ငံသို့ တရားဝင်အေဂျင်စီဖြင့် သွားရောက်လုပ်ကိုင်မည်ဆိုပါက ပြည်ပသို့ ချက်ချင်း ထွက်ရခြင်းမျိုး မဟုတ်ဘဲ အချိန်ကာလအားဖြင့် အနည်းငယ်ကြာမြင့်ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုဖြစ်သည့် ပွင့်ဖူးအောင်မှ မန်းနေးဂျင်းဒါရိုက်တာ ဒေါ်ြမတ်ဟေမာန်လင်းက CNI သတင်းဌာနသို့ ပြောသည်။

“ဒီလုပ်ငန်းစဉ်တွေက အနည်းဆုံး မကြာဘူးဆို မလေးတို့ ထိုင်းတို့က။ ထိုင်းဆိုရင် အခု သုံးလအတွင်း ဌာနက သတ်မှတ်ပေးသွားပြီ။ ရက် ၉၀ အတွင်း လုပ်ရမယ်လို့ ပေးထားတယ်။ အဲဒီ ရက် ၉၀ ဘာလို့စေလွှတ်ရမလဲ ဆိုတော့ သူ့ရဲ့ process တွေက ကြာတယ်။ ကြာတယ်ဆိုတာက ထိုင်းဘက်အခြမ်း ကြာတာရှိမယ်၊ ဗမာပြည် ဘက်အခြမ်းကလည်း သွားရေးလာရေး ခရီးစဉ်တွေနဲ့ ကြာတာတွေရှိတယ်။ အဲဒီတော့ မြန်မြန်သွားချင်တဲ့ ကလေး တွေက အလိမ်ခံရတာများတာပေါ့နော်။ သူတို့ကတော့ ချက်ချင်းလွှတ်တော့မယ်၊ ဘယ်နေ့ ဘယ်ရက် စေလွှတ် မယ်။ အမှန်တကယ်တော့မဟုတ်ဘူး။ စာချုပ်ချုပ်ဆိုပြီးလို့ရှိရင် တစ်လအတွင်းမှာ လုပ်ငန်းတွေကို လုပ်နေရ တုန်းပဲရှိသေးတယ်။ တစ်လနည်းနည်းကျော်တော့မှ သူတို့ကို စေလွှတ်ဖို့အတွက် လုပ်ရမယ်။ အဲဒီတော့ စာချုပ် ချုပ်ပြီးရင် စောင့်ကိုစောင့်ရတယ်။ မစောင့်ရဘူးဆိုပြီးတော့ ညာပြီးတော့ သူတို့ခေါ်တဲ့အထဲမှာပါသွားတဲ့အတွက် အလိမ်ခံရတာပဲ”ဟု ၎င်းက ပြောသည်။

ပြည်ပနိုင်ငံသို့ အမြန်သွားရောက်ချင်သည့်အတွက် ပွဲစားများ‌၏ အကူအညီဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနှင့် မလေးရှားတို့သို့ မြန်မာအလုပ်သမားအများအပြား တရားမဝင် ခိုးဝင်နေမှုများရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရမှုများ လည်း ရှိသည်။

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် အေဂျင်စီများ၏ လိမ်လည်ခေါ်ယူမှုဖြင့် ရောက်ရှိလာက ဒုက္ခရောက်နေကြသည့် မြန်မာအလုပ်သမားများကိုတွေ့ရစဉ်

ထိုအပြင် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းတွင် အလုပ်လုပ်ချင်သည့် မြန်မာများအား အင်္ဂလိပ်စကားတတ်ရန် မလိုကြောင်း၊ ဒူဘိုင်းမြို့တွင် အလုပ်ချက်ချင်းရရှိမည်ဖြစ်ကြောင်းဟုဆိုကာ လိမ်လည်ခေါ်ယူပြီး ဒူဘိုင်းသို့ ရောက်ရှိချိန်တွင် အလုပ်မရဘဲ ဒုက္ခရောက်ကာ သောင်တင်နေသည့် မြန်မာအများအပြား ရှိသည်။

လက်ရှိ ပြည်ပအလုပ်အကိုင်အေဂျင်စီလုပ်ငန်းသည် တရားမဝင်ပွဲစားများနှင့်အေဂျင်စီများအတွက် လိမ်၍ ကောင်းသည့် လုပ်ငန်းမျိုးဖြစ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုဖြစ်သည့် လပ်ကီးမှ မန်းနေးဂျင်း ဒါရိုက်တာ ဦးဝင်းမြင့်က CNI သတင်းဌာနသို့ ပြောသည်။

“လူတိုင်းကလည်း နိုင်ငံခြားထွက် အလုပ်လုပ်ချင်၊ ပိုက်ဆံရှာချင်နေတဲ့သူတွေ ဖြစ်နေတဲ့အတွက် အကုန်လုံးက ဒါ လိမ်လည်ဖို့အတွက်ကို အခွင့်ကောင်းရထားသလိုဖြစ်နေတာပေါ့။ ဒူဘိုင်းကကျတော့ ဟိန္ဒီ စကားတတ်ရင်တတ်၊ မတတ်ရင် အင်္ဂလိပ်စကား နှစ်မျိုးထဲက တစ်မျိုးတတ်မှ အဆင်ပြေမှာ။ ဘာလို့ဆို အဲဒီမှာ အိန္ဒိယကုလားတွေ၊ ပါကစ္စတန်တွေ၊ ဘင်္ဂလားဒေ့ရှ်တွေ ကြီးစိုးနေတာ။ အင်္ဂလိပ်စကား ဒူဘိုင်းကတော့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

တရားမဝင်ပွဲစားများနှင့် အေဂျင်စီတို့၏ လိမ်လည်ခေါ်ယူမှုကြောင့် အိမ်နီးချင်းနှင့် ပြည်ပနိုင်ငံတို့တွင် ဒုက္ခရောက် နေသည့် မြန်မာအလုပ်သမား အများအပြားရှိကာ အချို့လိမ်လည်သည့်သူများသည် အမှန်တကယ် လုပ်ကိုင်နေ သည့် တရားဝင်အေဂျင်စီ၏ အမည်အား အသုံးချ၍ လိမ်လည်ကြခြင်းမျိုး တွေ့ရသည်။

တရားဝင်‌အေဂျင်စီ ဟုတ်၊ မဟုတ် သိချင်ပါက အလုပ်သမားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်နှင့် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် Safe Migration ဆိုသည့် ပေ့ချ်တို့တွင် တရားဝင်အေဂျင်စီစာရင်းများရှိသဖြင့် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိမိနေထိုင်သည့် မြို့နယ်အတွင်းရှိ နီးစပ်ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင်လည်း မေးမြန်းစုံစမ်းနိုင် ကြောင်း သိရသည်။

ထို့အပြင် မိမိသည် ၎င်းအေဂျင်စီဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် လျှောက်ထားပါက နီးစပ်ရာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတွင် အဆိုပါအေဂျင်စီမှ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်ရန် Demand တင်ထားခြင်းရှိ၊ မရှိကိုလည်း စုံစမ်းနိုင်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။