CNI News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၆

အထူးစိးပွားရေးဇုန်များ ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူး စီးပွားရေးဇုန်တို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်သောကြောင့် အမြန်ဆုံး အကောင် အထည်ဖော် ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့က ကျင်းပခဲ့သည့် စီးပွားရေးကော်မတီ အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောသွားခြင်း ဖြစ်သည်။

မိမိတို့နိုင်ငံတွင် အထူးစီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ ရှိပြီးဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးပြပြီး ထိရောက် စွာ ဆောင်ရွက်နိုင်မှုမရှိခဲ့သဖြင့် တိုးတက်မှုများနည်းပါးခဲ့ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ အထူးစီးပွားရေးဇုန်များ ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်တို့သည် မိမိတို့နိုင်ငံအတွက်သာမက အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုသဖြင့် တိုးတက်မှု အမြန် ဆုံးရရှိရန်နှင့် အလုပ်ဖြစ်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း။ အလားတူ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းများသည်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေနိုင်သောကြောင့် စီမံကိန်းများ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုတယ်”ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၅ ရက်က စီးပွားရေးကော်မတီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုယ်ကျိုးသက်သက်ကိုသာ ဦးစားပေးသည့် ဝိသမလောဘသမား များရှိသကဲ့သို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနေသည့် စီးပွားရေး လုပ်ငန်းရှင်များလည်းရှိ ကြောင်း၊ ၎င်းတို့ကို နိုင်ငံတော်အနေဖြင့် အားပေးချီးမြှင့်မှုများ လုပ်ဆောင်ပေးရန်လိုကြောင်း ၎င်းက ပြောသည်။

ထို့နောက် ဈေးကွက်စီးပွားရေးစနစ်တွင် အစိုးရအနေဖြင့် ဝင်ရောက် ကိုင်တွယ်မှုကို လျှော့နိုင်သမျှ လျှော့ရမည် ဖြစ်ကြောင်း၊ သို့သော လက်ရှိဖြစ်ပေါ်နေသော စီးပွားရေးအရ တိုက်ခိုက်မှု၊ ပိတ်ဆို့မှုနှင့် နိုင်ငံ့စီးပွားရေး ပျက် ယွင်းအောင် ဆောင်ရွက်နေမှုများကြောင့် အစိုးရအနေဖြင့် ဝင်ရောက်ထိန်းညှိ ဆောင်ရွက်ပေးနေရခြင်း ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

လက်ရှိတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း များသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည် လက်နက်ကိုင် ပဋိပက္ခများဆီသို့ ပြောင်းလဲသွားခြင်းကြောင့် အကောင်အထည်မဖော်နိုင်ဘဲ ဖြစ်နေသည်။

အဆိုပါ အထူးစီးပွားရေးဇုန်များ အကောင်အထည်မဖော်နိုင်ခြင်းကြောင့် နိုင်ငံခြားငွေ ဝင်ရောက်မှုများ လျှော့ နည်းလာခြင်းနှင့် စီးပွားရေး ဦးမော့နိုင်ရေး အားနည်းနေသည်။