CNI News

၂၀၂၅ ခုနှစ်၊ မတ်လ ၁၄

အိန္ဒိယနိုင်ငံ အနေဖြင့် မိမိ၏ နိုင်ငံရေးလိုဘ(ဘက်) တစ်ခုတည်းကို ကြည့်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်သလို မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနယ်မြေပိုင်ဆိုင်မှုကို လေးစားသင့်ကြောင်း နစက၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လွှတ်တော်အမတ် K. Vanlalvena သည် အိန္ဒိယနှင့်ထိစပ်နေသော ချင်းပြည်နယ်သို့ ဝင်ရောက်၍ ချင်းအမျိုးသားတပ်ဦး(CNF/CNA)ဌာနချုပ်ကို သွားရောက်ခဲ့ကြောင်း၊ ထို့နောက် ချင်းပြည်နယ်ကို အိန္ဒိယနိုင်ငံနှင့် ပေါင်းစည်းရန် ဆွေးနွေးခဲ့ကြောင်း The Hindu သတင်းဌာနက ဖော်ပြခဲ့သည်။

ထို့နောက် အိန္ဒိယအထက် လွှတ်တော်အစည်းအဝေးမှာ မဏိပူရပြည်နယ် လွှတ်တော်အမတ်က တမူး-ကဘော် ချိုင့်ဝှမ်းကို အိန္ဒိယနှင့်ပေါင်းစည်းရေး ဆွေးနွေးခဲ့သည်။

အလားတူ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်နေပြီး ချင်းတောင်တန်းပေါ်မှာ မြန်မာသူပုန်များကို စစ်သင်တန်းများပေးနေကြောင်း  ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုမာက မီဇိုရမ်ပြည်နယ်လွှတ်တော်မှာ ပြောကြားခဲ့သည်။

 မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ်ကို CNF ဌာနချုပ်မှာ တွေ့ရစဉ်

မြန်မာနှင့် အိန္ဒိယနိုင်ငံဆိုသည်မှာ မိတ်ဆွေကောင်း နိုင်ငံများဖြစ်ကြောင်း၊ အိန္ဒိယ၏ Act East Policy နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနယ်မြေကို အသုံးပြုပြီး မြန်မာကို ဆန့်ကျင်နေသည့် အုပ်စုများကို မလိုလားသလို မြန်မာ့နယ်မြေကို အသုံးပြုပြီး အိန္ဒိယ အစိုးရကို ဆန့်ကျင်နေသည့် အုပ်စုများကိုလည်း မြန်မာနိုင်ငံအနေဖြင့် လက်ခံမထားကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ကျနော့် အနေနဲ့ ပြောကြားချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံအတွက် အိမ်နီးချင်းကောင်း မိတ်ဆွေကောင်းအဖြစ် အမြဲရပ်တည် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ အချို့သော နိုင်ငံရေးသမားတွေ အနေနဲ့ မိမိရဲ့ နိုင်ငံရေးလိုဘ တစ်ခုတည်းကိုကြည့်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပျက်ပြားအောင် မလုပ်သင့်ဘူးဆိုတာ ပြောကြားလိုပါတယ်”ဟု ပြောသည်။

အိန္ဒိယနိုင်ငံရေးသမားတချို့၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအနေဖြင့် အသိပေးသင့်တာများ နှင့် ပြောသင့်တာများကို ဆက်ဆက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ်တုန်းကလည်း အိန္ဒိယ၏ BJP ပါတီက တမူး-ကလေး-မင်းကင်းမြို့နယ်များ ပါဝင်သည့် ကဘော် ချိုင့်ဝှမ်း ဒေသကို ပြန်ယူပေးမည်ဆို၍ မဲဆွယ်ခြင်းမျိုး ရှိခဲ့၍ ဒေသတွင်းနေ ပြည်သူများက ဆန္ဒပြကန့်ကွက် ခဲ့ကြသေးသည်။

 မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ချင်းသူပုန် ၂ ဖွဲ့ ပေါင်းစည်းရေး သဘောတူညီမှုရသည်ကို တွေ့ရစဉ်

မြန်မာ-အိန္ဒိယနယ်စပ်သည် ၁၀၁၀ မိုင်ကျော် ရှည်လျားပြီး ၁၆၂၆ ကီလိုမီတာရှိကြောင်း၊ တိုင်းတာပြီး ၉၀၇ မိုင် ကျော်ရှိပြီး ကီလိုမီတာအားဖြင့် ၁၄၆၀ ကျော် တိုင်းတာပြီးဖြစ်ကြောင်း၊ ယခုပြောနေသည့် က‌ဘော်ချိုင့်ဝှမ်းဒေသ ဆိုသည်မှာလည်း ယခင် တိုင်းတာပြီး အသိအမှတ်ပြုပြီးထဲမှာ ပါပြီးဖြစ်ကြောင်း နစကဘက်က သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်ခြား သတ်မှတ်ချက် အနေဖြင့် ၂၀၁၄ ခုနှစ်၊ မေလ ၈ ရက်နေ့မှာ ချုပ်ဆိုထားသည့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလည်း ရှိပြီးဖြစ် ကြောင်း နစကဘက်က သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများ၏ ပါဝင် ပတ်သက်မှုများလည်း ရင်ဆိုင်နေရကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။

အဆိုပါ အခြေအနေကို မကိုင်တွယ်နိုင်ပါက မြန်မာနိုင်ငံ ပြိုကွဲသွားနိုင်သလို ကျဆုံးနိုင်ငံအဖြစ် ဦးတည်သွားနိုင် ကြောင်း ၎င်းတို့က သတိပေးထားသည်။