CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO)များ ရေဘေးသင့် ပြည်သူများကို မည်ကဲ့သို့ ကူညီလုပ်ဆောင်နေသလဲ ဆိုသည့်အပေါ် မေးခွန်းထုတ်လျက်ရှိနေသည်။

ရေဘေးသင့် ပြည်သူများအတွက် ဆန်ရိက္ခာ အကူအညီပေးမှုများရှိကြောင်း၊ အပစ်ရပ် ၇ ဖွဲ့အနေဖြင့် ဝိုင်းဝန်း လုပ်ဆောင်မှုရှိကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)မှ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ တစ်နိုင်တစ်ပိုင်ပါပဲ၊ ကျနော်တို့ ရိက္ခာဆန်၊ ရရှိတဲ့အပေါ်မှာ ဝေတာရှိတယ်၊ နောက်ပြီးတော့ ကျနော်တို့ လက်လှမ်းမီတဲ့ နယ်မြေတွေမှာ ပူးပေါင်းပါဝင်ပြီးတော့ ကျနော်တို့ အလှူရှင်တွေနဲ့ ပေါင်းပြီးတော့ လုပ်တာရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ ဒေသတွေမှာက လောလောဆယ်ဆယ် PNO/PNA ကလည်း ရှိတယ်။ ၆ မြို့နယ်ကို ပါဝင်တဲ့ အထူးဒေသ ၆ ပေါ့၊ အဲဒီအထဲမှာလည်း သူတို့နဲ့ ပူးပေါင်းပြီးတော့ လုပ်ရတာ ရှိပါတယ်။ ဒါကြောင့် လူသားချင်းစာနာမှု အထောက်အကူပေးတဲ့ ကိစ္စမှာတော့ ဘယ်သူ့ဘယ်သူမှ ခွဲခြားဆက်ဆံ တာ မရှိပါဘူး။ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်။ ပြည်သူတွေအတွက် သက်သာရာ သက်သာကြောင်း၊ ဝိုင်းလုပ်ကြတဲ့ နေရာမှာတော့ ကျနော်တို့ ၇ ဖွဲ့ကလည်း တစ်တပ်တစ်အား ပါတာပေါ့ဗျာ၊ အဲဒီလို ပြောနိုင်ပါ တယ်” ဟု ပြောသည်။

ရေကြီး၍ အိမ်များ နစ်မြှုပ်နေစဉ်

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က ဗီယက်နမ်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ယာဂီ သည် တစ်နာရီလျှင် မိုင် ၁၃၀ အထိ တိုက်ခတ်ခဲ့ကြောင်း၊ ထိုမုန်တိုင်းအရှိန်ကြောင့် အကြွင်းကျန် မိုးသား တိမ်တိုက်များသည် အိမ်နီးချင်း ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် မြန်မာနိုင်ငံသို့ အဆင့်ဆင့် ရောက်ရှိလာပြီး မိုးရေများ စံချိန်တင် ရွာသွန်းခဲ့ကြောင်း နစကဒုဥက္ကဋ္ဌက ပြောသည်။

ထို့နောက် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှအပ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာကာ စက်တင်ဘာ ၁၆ ရက်နေ့အထိ စာရင်းများအရ ပြည်သူ ၂ သိန်းကျော် ရေဘေးသင့်ခဲ့ကြသလို ၂၂၆ ဦး သေဆုံးကာ ၇၇ ဦး ပျောက်ဆုံးခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ထားသည်။

မိမိတို့ တပ်ဖွဲ့များအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ၊ မြို့သန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)မှ ဗိုလ်ကြီးစောဇော်မင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရှိတယ်၊ ကျနော်တို့ ဒီရက်ပိုင်းထဲမှာ ၁၃၊ ၁၄၊ ၁၂ ရေကြီးတုန်းက ရေဘေးကယ်ဆယ်ရေးလုပ်တယ်၊ ပြီးတော့ တပ်ဖွဲ့အနေနဲ့ ပြန်လည်ထူထောင်ရေးပေါ့၊ ဗွက်တွေ နုန်းတွေကိုဖယ်ရှားတာတို့၊ သန့်ရှင်းရေးလုပ်တာတို့ အဲဒါတော့ ကျနော်တို့ ၃ ရက်ဆက်တိုက် လုပ်တယ်။ ဒီမြို့မှာရှိတဲ့ ရေဘေးကယ်ဆယ်ရေးမှာ ကျနော်တို့ မြို့မှာရှိ တဲ့ စည်ပင်ဌာနတွေနဲ့ ပေါင်းစပ်ပြီး လုပ်ပါတယ်။ သန့်ရှင်းရေး လုပ်တာပေါ့၊ ဒုတိယအကြိမ်တက်တာတော့ ပျက်စီး ဆုံးရှုံးမှုက အများဆုံးပေါ့၊ လူသေတဲ့အဆင့်တော့ မရှိဘူးပေါ့၊ ဒါပေမဲ့ ပစ္စည်းပစ္စယတွေ အကုန်လုံး ပျက်စီးတာပေါ့၊ အခြားပြည်နယ်နဲ့ တိုင်းလောက်တော့ မများပါဘူး” ဟု ပြောသည်။

DKBA နဲ့ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ရေကြီးရေလျှံမှုကို ရှင်းလင်းနေစဉ်

7 EAO Alliance အဖွဲ့ကို PNLO၊ DKBA၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ဖြင့် ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံတစ်ဝန်း ရေကြီးမှုကြောင့် လူနေအိမ် ၂၁၁၆ လုံး ပျက်စီးပြီး ၁၅၈၃၇၃ လုံး ရေနစ်မြှုပ်ခဲ့၍ အစိုးရက ရေဘေး ကယ်ဆယ်ရေးစခန်း ၄၃၈ ခုဖွင့်လှစ်ကာ အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၂ သိန်းကျော်ကို ရွှေ့ပြောင်း ပေးခဲ့သည်။

အလားတူ ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှငိ့ ဆက်သွယ်ရေးတိုင်များ ပျက်စီးခဲ့ကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးပြီး စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေနစ်မြှုပ်ခဲ့သည်။