CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇

တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် ထိခိုက်ပျက်စီးခဲ့သော မြန်မာနိုင်ငံအတွင်းက ရေဘေးသင့် ပြည်သူများကို အိန္ဒိယ အစိုးရက အဝတ်အထည်၊ ရိက္ခာခြောက်နှင့် ဆေးဝါးများ ထောက်ပံ့ကူညီပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယအစိုးရသည် တိုင်ဖွန်းယာဂီ မုန်တိုင်းဒဏ်ခံ ပြည်သူများနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့် အနေဖြင့် မြန်မာ၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံများသို့ အကူအညီများ ပေးပို့လျက်ရှိသည်။

ထို့နောက် အိန္ဒိယအစိုးရသည် မြန်မာရေဘေးသင့် ပြည်သူများအတွက် ရိက္ခာခြောက်၊ အဝတ်အထည်နှင့် ဆေးဝါး များ အပါအဝင် ပြန်လည်ထူထောင်ရေး အထောက်အပံ့ တန်ချိန် ၁၀ တန်ကို အိန္ဒိယရေတပ် INS Satpura သင်္ဘောပေါ်တွင် တင်ဆောင်၍ ပေးပို့ကူညီခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် မုန်တိုင်းကြောင့် မိုးအဆက်မပြတ် ရွာသွန်းကာ မြစ်/ချောင်းများ မြင့်တက်လာပြီး နေပြည်တော် ကောင်စီနယ်မြေ၊ မကွေတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ် တို့မှ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလျှံ ခဲ့သည်။

 မြန်မာနိုင်ငံတွင် ရေကြီးရေလျှံဖြစ်ပွားနေစဉ်

ထို့ကြောင့် လူနေအိမ် ၂၁၁၆ လုံး ပျက်စီးပြီး ၁၅၈၃၇၃ လုံး ရေနစ်မြှုပ်ခဲ့၍ အစိုးရက ရေဘေးကယ်ဆယ်ရေးစခန်း ၄၃၈ ခုဖွင့်လှစ်ကာ အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၈၀ ဦးကို ရွှေ့ပြောင်းပေးခဲ့သည်။

ထို့နောက် ရေဘေးကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စက်တင်ဘာ ၁၆ ရက်နေ ညနေ ၄ နာရီထိ ကောက်ယူရရှိသော စာရင်းအရ ပြည်သူ ၂၂၆ ဦးသေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးနေသည်။

အလားတူ ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှငိ့ ဆက်သွယ်ရေးတိုင်များ ပျက်စီးခဲ့ကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးပြီး စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေနစ် မြှုပ်ခဲ့သည်။