CNI News

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇

တိုင်ဖွန်းမုန်တိုင်း ယာဂီကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးရေလျှံမှုဖြစ်ကာ လူပေါင်း ၂၂၆ ဦး သေဆုံးပြီး စပါးနှင့်သီးနှံမျိုးစုံစိုက်ဧက ၆၄၃၀၈၁ ဧက ရေနစ်မြှုပ်ခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

မုန်တိုင်းကြောင့် မိုးအဆက်မပြတ် ရွာသွန်းကာ မြစ်/ချောင်းများ မြင့်တက်လာကာ နေပြည်တော် ကောင်စီ နယ်မြေ၊ မကွေတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ် တို့မှ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလျှံခဲ့သည်။

ထို့ကြောင့် လူနေအိမ် ၂၁၁၆ လုံး ပျက်စီးပြီး ၁၅၈၃၇၃ လုံး ရေနစ်မြှုပ်ခဲ့၍ အစိုးရက ရေဘေး ကယ်ဆယ်ရေးစခန်း ၄၃၈ ခုဖွင့်လှစ်ကာ အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၈၀ ဦးကို ရွှေ့ပြောင်းပေးခဲ့သည်။

ထို့နောက် ရေဘေးကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စက်တင်ဘာ ၁၆ ရက်နေ ညနေ ၄ နာရီထိ ကောက်ယူရရှိသော စာရင်းအရ ပြည်သူ ၂၂၆ ဦးသေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးနေသည်။

အလားတူ ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှင့် ဆက်သွယ်ရေးတိုင်များ ပျက်စီးခဲ့ကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးပြီး စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေနစ်မြှုပ်ခဲ့သည်။