CNI News 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၇

ယာဂီမုန်တိုင်းအရှိန်ကြောင့် တစ်နိုင်ငံလုံးရှိ မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပြီး လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌  အခက်အခဲများစွာ ရှိနေကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ရေကြီးရေလျှံမှုသည် ဆိုးရွားစွာ ဖြစ်ပွားခဲ့သည့်အတွက် လူမှုကူညီရေးအသင်းအဖွဲ့များအနေဖြင့် အသက်ကယ် လှေများ ၊ အသက်ကယ် အင်္ကျီများအပြင် လိုအပ်ချက်များစွာရှိကြောင်း တောင်ငူမြို့မေတ္တာရှင်လူမှုကယ်ဆယ် ရေးအသင်းဥက္ကဋ္ဌ ဦးနေမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "တကယ်တမ်း ပြောမယ်ဆိုရင်တော့ လိုအပ်ချက်တွေကတော့ အများကြီးပဲဗျ။ ဘာလို့ဆို ကျနော်တို့ ရေဘေးကယ်ဆယ်ရေးမှာ jacket လေးတွေ လိုတယ်ဗျာ။ ဟုတ်တယ်မလား အသက်ကယ်ဘောတွေ လိုမယ်။ ဒါပေမယ့် ကျနော်တို့ဟာက ကိုယ်ရှိတဲ့ဟာ‌လောက်နဲ့ သွားကယ်တဲ့အခါကျတော့ မတော်တဆ လှေမှောက်တဲ့ အခါမျိုးကျတော့ ကျနော်တို့ အဲမှာ ပြဿနာတွေတက်တယ်။ နောက် ဘယ်လိုခေါ်မလဲ နည်းနည်း ဒုက္ခတော့ ရောက်တာပေါ့နော်။ နောက်အခု လက်ရှိအနေအထားမှာ စားဝတ်နေရေးအပိုင်းနဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ အခု အကုန်လုံးက ရေဘေးဖြစ်ထားတဲ့ အခါကျတော့ အခု စားဝတ်နေရေးက တော်တော်ခက်ခဲကြတယ်။ အဲတော့ ပြောမယ်ဆိုရင် အကုန်လုံးနီးပါးက ရေကြီးလိုက်တဲ့ အခါမျိုးကျ‌တော့ အဝတ်အစားကအစ မရှိကြတော့ဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုဆိုတာမျိုးတွေ ဖြစ်ကုန်ကြတယ်။ လိုအပ်ချက်ကတော့ ပြောမယ်ဆိုရင်တော့ အကုန်လုံးလိုအပ်တာပေါ့" ဟု ပြောသည်။

ရေနစ်မြှုပ်နေမှုကို တွေ့ရစဉ်

ထို့အပြင် ရေစီးသန်ခြင်းနှင့် ရေနစ်မြှုပ်မှုများရှိသည့်အတွက် ချောင်ကျသည့် နေရာများသို့ သွားရောက် ကယ်ဆယ်ရန် အခက်အခဲများရှိကြောင်းလည်း ၎င်းက ပြောသည်။

စစ်တောင်းမြစ် အရှေ့ဘက်အခြမ်းသို့ သွားရောက်ကူညီ ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင် စစ်တောင်းမြစ်အား ဖြတ်၍ သွားလာရမည်ဖြစ်သည့်အတွက် ကျွမ်းကျင်သောသူများနှင့် စက်ပစ္စည်းများ လိုအပ်နေကြောင်း၊ ထို့ကြောင့် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းရှိ ရွာများ၌ ပိတ်မိနေသော လူများရှိသေးကြောင်း ပဲခူးမြို့တွံတေးလူမှု ကယ်ဆယ်ရေးမှ ကိုဖြိုးကိုကိုက CNI သတင်းဌာနသို့ ပြောသည်။

 ၎င်းက "ကျနော်တို့ မြစ်ကြီးကို ဖြတ်ဖို့အတွက်ပေါ့နော် လှေကောင်းကောင်း စက်ကောင်းကောင်းတော့ လိုတာ ပေါ့ဗျာ။ အဲဒါနဲ့ ဖြတ်ပြီးတော့ သွားမယ်ဆိုရင်တော့ ဟိုဖက်ကမ်းကို ရောက်တာပေါ့။ ခုကတော့ ရေစီးကို ကြောက် လို့ တချို့လှေတွေက ဟိုဖက်ကမ်းကို မကူးနိုင်တော့ ဟိုဖက် မြစ်အရှေ့ဘက်အခြမ်းကတော့ ဒုက္ခရောက်ကြတယ် လေ။ မြစ်နောက်ဘက်ခြမ်းကျ မော်တော်ကားရောက်တယ်။ မြို့ထဲသွားတဲ့ လှေလေးတွေနဲ့ သွားတဲ့အခါကျတော့ ဒီဘက်က အခြမ်းကတော့ အလှူရှင်တွေ လှူဒါန်းမှုနဲ့ အဆင်ပြေပါတယ်။ ဟိုဘက် မြစ်တစ်ဖက်ခြမ်းကို သွားဖို့ တွက်ပဲ နည်းနည်းလေး ဒုက္ခရောက်တာပေါ့ဗျာ။ ကျန်တာကတော့ အားလုံးအဆင်ပြေပါတယ်" ဟု ပြောသည်။

ရေဘေးကူညီ ကယ်ဆယ်ရေးများ လုပ်ဆောင်နေစဥ်

ထို့အပြင် အချို့အလှူရှင်များ အနေဖြင့်လည်း ကိုယ်တိုင်သွားရောက် လှူဒါန်းလိုလျှင် အမှန်တကယ် လိုအပ်သော ဒေသများ သိရန်လိုသောကြောင့် လူမှုကူညီရေး အသင်းများအား ဆက်သွယ်ပြီးမှသာ သွားကြရန် လိုအပ်ကြောင်း ညောင်ရွှေမြို့ နှလုံးလှလူမှုကူညီ‌ရေးအသင်းမှ ကိုသက်ပိုင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "တချို့ကျတော့လည်း ကိုယ်တိုင်လှူချင်တာပေါ့ ကိုယ်တိုင်သွားချင်တယ်။ အဲတော့ သူတို့က တစ်ခါ တစ်လေ ကျရင် ကျနော်တို့ မသိအောင် အဆင်ပြေတဲ့ရွာကို သူတို့က သွားလှူလိုက်တယ်။ အဲလိုကျ ကျနော်တို့ ဘာဖြစ်သွားလဲဆို‌တော့ ရောက်တဲ့ရွာက ရောက်တယ်၊ မရောက်တဲ့ရွာက မရောက်ဘူးပေါ့။ သူတို့ကလည်းပေး တယ် ကျနော်တို့ကလည်း သွား‌ပေးတယ်။ တခြားရွာကျ မရောက်တော့ဘူးပေါ့ ဒီပစ္စည်းတွေက။ အဲလိုမျိုး အတွေ့အကြုံတွေကတော့ အများကြီးဖြစ်တာပေါ့ဗျာ အခက်အခဲတွေက အများကြီးပေါ့။ ကျနော်တို့လည်း အလှူ ရှင်တွေကို အမြဲတမ်းပြောပါတယ် ကျနော်တို့ကို ချိတ်ဆတ်ပေးပါ။ အဲဒါမှ ဘယ်နေရာ လိုအပ်တယ်ဆိုတာ ကျနော်တို့ လမ်းညွှန်ပေးလို့ ရမှာပါ။ ဘာလို့လဲဆိုတော့ အလှူရှင်တွေက သူတို့က လှူချင်တာ တစ်ခုပဲရှိတယ်။ ဒါပေမယ့် ဘယ်နေရာကို အဓိကလိုအပ်လဲဆိုတာ သူတို့သိဖို့လိုတယ် အဓိက။ အဲတော့ အဲလိုသိဖို့ information လိုရင် ကျနော်တို့ကို ဆက်သွယ်မှပဲ အဆင်ပြေမှာဗျ" ဟု ပြောသည်။

လက်ရှိတွင် ‌ရေဘေးဒဏ် ခံစားနေရသည့် ဒေသများမှာ တောင်ငူ၊ တာချီလိတ်၊ ကလော၊ ရမည်းသင်း၊ နေပြည်တော်ရှိ တပ်ကုန်း၊ ဘားအံ၊ ညောင်ရွှေ၊ ဇီးကုန်း၊ ထန်းတပင်၊ ပုဂံ-ညောင်ဦး အစရှိသည့် ဒေသများ အပါအဝင် မြို့နယ်ပေါင်း ၅၆ မြို့နယ်၌ စက်တင်ဘာ ၁၁ ရက်မှစတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ထို့ကြောင့် လူနေအိမ် ၂၁၁၆ လုံး ပျက်စီးပြီး ၁၅၈၃၇၃ လုံး ရေနစ်မြှုပ်ခဲ့၍ အစိုးရက ရေဘေး ကယ်ဆယ်ရေးစခန်း ၄၃၈ ခုဖွင့်လှစ်ကာ အိမ်ထောင်စု ၄၂၈၅၈ စု၊ လူဦးရေ ၁၆၃၇၈၀ ဦးကို ရွှေ့ပြောင်းပေးခဲ့သည်။

ရေနစ်မြှုပ်နေမှုကို တွေ့ရစဉ်

ထို့နောက် ရေဘေးကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် စက်တင်ဘာ ၁၆ ရက်နေ ညနေ ၄ နာရီထိ ကောက်ယူရရှိသော စာရင်းအရ ပြည်သူ ၂၂၆ ဦးသေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးနေသည်။

အလားတူ ရုံး/ဌာန အဆောက်အဦ ၁၁၇ လုံး၊ စာသင်ကျောင်း ၁၀၄၀ ကျောင်း၊ ဘာသာရေး အဆောက်အဦ ၃၈၆ လုံး၊ လမ်း/တံတားအချို့၊ လျှပ်စစ်မီးတိုင်နှငိ့ ဆက်သွယ်ရေးတိုင်များ ပျက်စီးခဲ့ကြောင်း နစက-က သတင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် တိရိစ္ဆာန်မျိုးစုံ စုစုပေါင်း ၁၂၈၃၄၄ ကောင်သေဆုံးပြီး စပါးနှင့်သီးနှံမျိုးစုံ စိုက်ဧက ၆၄၃၀၈၁ ဧက ရေနစ်မြှုပ်ခဲ့သည်။